နေပြည်တော် ၅ ဇွန် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ်တွင် မိုးလုံလေလုံ အားကစားရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုန်းကြမ်းမြို့နယ်တွင် မိုးလုံလေလုံ အားကစားကွင်း ဆောက်လုပ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမည်ပေါက်မြေ ရရှိမည်ဆိုပါက ရှမ်းပြည်နယ် အစိုးရ၏ အနီးကပ်ဆုံးဘဏ္ဍာရေးနှစ် ခွင့်ပြုငွေစာရင်းတွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လတ်တလောတွင် ကုန်းကြမ်းမြို့နယ်၌ အခြေခံပညာကျောင်းများ ရှိသည်ဟု သိရှိရပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန်အတွက် သင့်တော်သည့် အားကစားပစ္စည်းများ ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း မီးဝကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေး ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ပြိုင်းတိုင်ကျေးရွာ၊ ရွှေလှိုင်ကျေးရွာ၊ ကျင်ကြီးကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တစ်ခုစီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျောက်တော်မြို့နယ်၊ မီးဝကျေးလက်ကျန်းမာရေးဌာန(ခွဲ)ကို ကျေးလက် ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း၊ ကျင်ကြီးကျေးရွာကိုလည်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ) မပေးနိုင်သေးပါကြောင်း၊ ပြိုင်းတိုင် ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အသစ်တစ်ခုစီ တိုးချဲ့ပေးမည် ဖြစ်ပါကြောင်း၊သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ချမှတ်ထားပါကြောင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်း၊ ဝန်ထမ်းအသစ်ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အစီရင်ခံစာအပေါ် အခြေခံသော အမိန့်ကြေညာစာ ထုတ်ပြန်ပြီးမှသာ အဆိုပါ အမိန့်ကြေညာစာတွင် ပါရှိသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြရန် လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် အဆိုပါ အမိန့်ကြေညာစာ ထုတ်ပြန်ပြီးမှသာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွဲ့စည်းပုံကို တင်ရမည်ဖြစ်ပါကြောင်း၊ သို့သော် လတ်တလောတွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြီး ခွင့်ပြုပါက ရရှိမည် ဟုသိရှိရသည့်အတွက် မိမိအနေဖြင့် ယခုကိစ္စကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်(ခ)ဦးကိုလတ်၏ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ပြည်သူ့ဆေးရုံကို (၂၅)ခုတင်ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးရုံသည် အသုံးချမှုများပြီး ခွင့်ပြုခုတင် အသုံးချမှုတွင်လည်း ၂၀ဝ ရာခိုင်နှုန်းကျော်နေပါကြောင်း၊ ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်အတွက် ယာဉ်တိုက်မှုများကို ချက်ချင်း ကုသမှုပေးလိုသည့်အတွက် ၂၅ ခုတင် တိုးမြှင့်ပေးမည်ဖြစ်ပါကြောင်း၊ ထိုသို့ တိုးမြှင့်ရာတွင် ပိုမိုသေချာစေရန်အတွက် ပြည်နယ်ဦးစီးမှူးကို မေးမြန်းသည့်အခါတွင် ထောက်ခံသည့်အတွက် အမြန်ဆုံးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း မုဒူး - ဒေါင်းရပ် အနောက်လမ်းမပေါ်ရှိ တံတားအမှတ်(၁)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍားရေးနှစ်အတွင်း ကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် မုဒူး - ဒေါင်းရပ် အနောက် လမ်းမပေါ်ရှိ တံတားအမှတ်(၁)သည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစား ပေးအဆင့်(၁)တွင် ပါဝင်ပြီး၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်သဖြင့် အတည်ပြုချက် ရရှိပါက ကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ နေရာခင်းကျေးရွာအုပ်စု၊ နေရာခင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကူတောင် ကျေးလက်ကျန်းမာရေးဌာန လက်အောက်ခံ ဇီးကိုင်းကျေးလက် ကျန်းမာရေးဌာန(ခွဲ)ကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးပြီး ရွှေလောင်းတင်၊ ကံပြင်၊ ကပ်ချောင်း၊ ညောင်ပင်လယ်၊ ဖြူချောင်းကျေးရွာအုပ်စုတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ်ခုစီ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း(၂၀၁၉)အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်တစ်မျိုးမျိုး၏ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ထိခိုက်နစ်နာမှုကို ကာကွယ်ပေးနိုင်ရန်နှင့် ကုစားပေးနိုင်မည့် “သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်း” ကို ဆောလျင်စွာ ပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်မှ ဦးစားပေးဆောင်ရွက်ပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦကျော်လင်းက မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် မြို့ပြများကို စနစ်တကျ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံ ကဏ္ဍတွင် အရေးပါသည့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းဥပဒေကြမ်းကို လွှတ်တော်မှ ဆွေးနွေးစဉ်းစား ဆောင်ရွက်ပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင်က မြို့ပြ နှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို  ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဒေါ်လွီးဇာက ကော်မတီ၏ ဒုတိယအကြိ်မ် အမျိုးသားလွှတ်တော် ပထမပုံ မှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ကော်မတီသည် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့ပြီးဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သလိုညှိနှိုင်း ဆွေးနွေးအကြံပြု တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်အကြိမ်အရေအတွက် ပိုမိုများပြားလာသည့်အလျောက် ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများလည်း ယခင်ကထက် ပိုမို၍ များပြားလာသည်ကိုတွေ့ရှိရပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ၏ မေးခွန်းအဆိုပြုချက်များသည် ယင်းတို့၏ မဲဆန္ဒနယ်မြေမှ ဒေသခံ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရှိရသည့်အပြင် ကော်မတီမှလည်း ကိုယ်စားလှယ်များမေးမြန်းခဲ့သည့် ကတိဖြစ်ပေါ်ပြီးအဆို မေးခွန်းများကိုယခုထက်ပိုမို၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးစား သွားမည်ဖြစ်ပါကြောင်း။

လွှတ်တော်ရပ်နားသည့် အချိန်များတွင် လည်းကော်မတီမှ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းသို့ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစိစစ်သွားရောက်ရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် လိုအပ်သည့် နေရာများသို့လည်း အခါအားလျော်စွာ ကွင်းဆင်းစိစစ်လေ့လာမှုများအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့် အညီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဇွန် ၆  ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ လူမော်