ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ

နေပြည်တော် ၂၁ မေ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရပြီး ကုန်ထုတ်စခန်း (ယခင်ရဲဘက်စခန်း) များတွင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ကြရသည့် အကျဉ်းသားများ၏ တစ်ရက်လုပ်အားခနှုန်းထားများကို ၂၀ဝ ကျပ်မှ ပြင်ပတစ်ရက် လုပ်အားခ ၄၈၀ဝ ကျပ်၏ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများ၊ ကုန်ထုတ်စခန်းများတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော ရဲဘက်အကျဉ်းသားများ လွတ်မြောက်သည့်အခါ ၎င်းတို့၏ လုပ်အားဆုငွေအဖြစ် ရဲဘက်အကျဉ်းသားတစ်ဦးကို တစ်ရက်လျှင် ငွေကျပ် ၂၅၀ နှုန်းသို့ တိုးမြှင့်ပေးထားလျက်ရှိပြီး ထိုသို့ တိုးမြှင့်ပေးထားခြင်းသည် ရဲဘက်အကျဉ်းသားများအတွက် သင့်လျော်သော လုပ်ခနှုန်းထားဖြစ်ခြင်းတို့ကြောင့် ပြင်ပလုပ်အားခ တစ်ရက် ငွေကျပ် ၄၈၀ဝ ၏ သုံးပုံတစ်ပုံသို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် ဌာနအနေဖြင့် ရဲဘက်အကျဉ်းသားများသို့ လုပ်အားခဆုငွေ ထုတ်ပေးမှုနှင့် ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ပေးထားသော  မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား နိုင်ငံတကာရဲတပ်ဖွဲ့များကဲ့သို့ အဆင့်မီတပ်ဖွဲ့ဖြစ်ရေး မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အားပြည့်မီရေးအတွက် တပ်ဖွဲ့ဝင်များကို တိုးချဲ့စုဆောင်းခြင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ကိုဘက်စုံဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ နေအိမ်လိုင်းခန်းများကိုလည်း ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ခေတ်မီမောင်းပြန် သေနတ်များနှင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များကို တပ်ဆင်ပေးခြင်း၊ မှုခင်းများ စုံစမ်းဖော်ထုတ်မှုအတွက် အထောက်အကူပြု ပစ္စည်းများကို အသုံးပြုဆောင်ရွက်လျက်ရှိခြင်းနှင့် ပိုမိုတိုးချဲ့အသုံးပြုနိုုင်ရန် စီစဉ်၍ အကောင်အထည်ဖော်နေခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးအား ရေရှည်တည်တံ့စေရန်အတွက် ကမ္ဘာ့ဘဏ်အထောက်အပံ့ဖြင့် ထိန်းသိမ်းသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရေအရင်းအမြစ်နှင့် ဖြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်သည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်၍ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၁၀ဝ)ဖြင့် (၅)နှစ် စီမံကိန်းအဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၄)နှစ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် စီမံကိန်းကာလ ပြီးဆုံးမည်ဖြစ်ပါကြောင်း။

စီမံကိန်းကို လုပ်ငန်း Component (၃)ပိုင်းဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး Component 1 တွင် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု အဖွဲ့အစည်းများနှင့် အထောက်အကူပြုစနစ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ Component 2 တွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ စောင့်ကြည့်အကဲခတ်ခြင်းနှင့် သတင်းအချက်အလက် စနစ်များ ခေတ်မီစေခြင်းနှင့် Component 3 တွင် ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာမှု အဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားသည့် ဧရာဝတီမြစ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် အစိတ်အပိုင်းများမှာ စီမံကိန်း၏ Component (၃)ခုလုံးတွင် ပါရှိပါကြောင်း။

စီမံကိန်းများ မဆောင်ရွက်မီ စတင်ဆွေးနွေးစဉ်အချိန်က ကမ္ဘာ့ဘဏ်၏ စီမံကိန်းဆန်းစစ်ချက်စာတမ်းတွင် ဧရာဝတီမြစ်ဝှမ်းနှင့် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံကိန်းလုပ်ငန်းများ၏ လုပ်ငန်းစဉ်များအနေဖြင့် စီမံကိန်းများကို အဆင့်ဆင့် စဉ်ဆက်မပြတ် ရေရှည်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် ယခုဆောင်ရွက်နေသော ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ပထမအဆင့်အနေဖြင့် စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း။

သို့ဖြစ်၍ နောက်ပိုင်းစီမံကိန်းအဆင့်များကို ဆက်လက်အကောင်အထည် ဖော်ရန်အတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အခြားနိုင်ငံ/ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်နိုင်မည့် မြစ်ကြောင်းဖွံ့ဖြိုးရေး၊ သဲနုန်းပို့ချမှုလေ့လာရေး၊ ရေအရည်အသွေး လေ့လာဆန်းစစ်ခြင်း စသည့် လုပ်ငန်းများကိုလည်း လေ့လာသွားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း၏ Component 1 မှရရှိသည့် မြစ်ဝှမ်းဒေသပင်မ စီမံချက်အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်ကို ရေရှည်တည်တံ့စေရန်အတွက် ဆက်လက်ထိန်းသိမ်းသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးပြူးလွင်၏ မြန်မာနိုင်ငံရှိ အခြေခံပညာ မူလတန်းကျောင်းများမှ လုပ်သက်(၁၂)နှစ်အထက်ရှိ မူလတန်းကျောင်းအုပ်ကြီးများ၏ အပြောင်းအရွှေ့နှင့် လုပ်သက်ရင့် လယ်ပြ-၂၊ လယ်ပြ-၃ ဆရာ/ဆရာမ များ၏ ရာထူးတိုး/ အပြောင်းအရွှေ့ကိစ္စများနှင့် ပတ်သက်၍ မည်သို့မူဝါဒ ချမှတ်ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာမူလတန်းကျောင်းများမှ လုပ်သက် (၁၂)နှစ်အထက်ရှိ မူလတန်းကျောင်း အုပ်ကြီးများ၏ အပြောင်းအရွေ့နှင့် လုပ်သက်ရင့် အလယ်တန်းပြ - ၂၊ အလယ်တန်းပြ - ၃ ဆရာ၊ ဆရာမများ၏ ရာထူး တိုး/ အပြောင်းအရွေ့ကိစ္စများ ဆောင်ရွက်ရာတွင် လက်ရှိ ရာထူး/နေရာတွင် လုပ်သက် (၂)နှစ် ပြည့်ပါက အပြောင်း/ အရွေ့လျှောက်ထားနိုင်ပါကြောင်း၊ ဒေသစရိတ် ခံစားခွင့်ရသော ဒေသများဖြစ်ပါက လက်ရှိရာထူး နေရာတွင် လုပ်သက် (၁)နှစ်ပြည့်မီပါက အပြောင်း/အရွှေ့ လျှောက်ထားနိုင်ပါကြောင်း၊ မူလတန်း ကျောင်းအုပ် အလယ်တန်းပြ - ၁၊ အလယ်တန်းပြ - ၂ နှင့် အလယ်တန်းပြ - ၃ တို့သည် B.Ed ဘွဲ့ရရှိပြီးပါက အထက်တန်းပြရာထူးတိုးသို့ လျှောက်ထားစေပြီး ဆန္ဒပြုဒေသ၊ ဘာသာရပ်ကိုက်ညီမှုနှင့် လုပ်သက်ရမှတ်တန်းစီ ဇယားတို့အရ နေရာလစ်လပ်မှုအပေါ် မူတည်၍ အထက်တန်းပြရာထူးသို့ တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်သွားသော ကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများအား လုပ်သက်ရမှတ် (၉)မှတ်ထပ်ပေါင်း၍ တန်းစီဇယားဆောင်ရွက်စေပြီး လုပ်သက်ရမှတ်တန်းစီ ဇယားအရ ဆန္ဒပြုဒေသ၏ နေရာလစ်လပ်မှုအပေါ် မူတည်၍ ပြောင်းရွှေ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန္ဒပြုဒေသလစ်လပ်မှု မရှိပါက လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းနှင့် အနီးဆုံးကျောင်း သို့မဟုတ် အခြေချနေထိုင်ရာ နေရပ်လိပ်စာနှင့် အနီးဆုံးကျောင်းများသို့ ဦးစားပေး ပြောင်းရွှေ့ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု မြင့်မားတိုးတက်လာစေရန် တာဝန်ရှိ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အား ကျား/မ ဆိုင်ရာ အကဲခတ်မှုဆိုင်ရာ အသိပညာပေးရန် (Gender Sensitivity Awareness) အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR)” ဒုတိယအကျော့ သုံးသပ်မှုခံယူစဉ် မြန်မာနိုင်ငံအနေနှင့် ဖော်ဆောင်ရန် လက်ခံခဲ့သည့် အကြံပြုချက်များအပေါ် နောင်လာမည့် (UPR) တတိယအကျော့၌ အစီရင်ခံစာတင်ပြရန် အဆင်သင့် ဖြစ်/မဖြစ် လက်ရှိအနေအထား၏ လိုအပ်မှု သို့မဟုတ် ပြည့်စုံမှုအခြေအနေ အရပ်ရပ်အား သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်း ကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာရှိ လေယာဉ်ကွင်းဟောင်းမြေနေရာအား ဘုတ်ပြင်းမြို့နယ် အများပြည်သူပိုင် ပင်လယ်ကမ်းခြေ အပန်းဖြေဥယျာဉ်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ချင်းတိုင်းရင်းသားစာကို မည်ကဲ့သို့ သင်ကြားပေးနေသည်ကို သိရှိလိုခြင်းမေးခွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ပန်ဝိုင်အခြေခံပညာ မူလတန်း(လွန်) ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ဆရာ/ဆရာမဦးရေ ထပ်မံတိုးချဲ့ ခန့်အပ်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင် အကြီးစားပြင်ဆင်သည့် လုပ်ငန်းတစ်ရပ်လုံးနှင့် ပတ်သက်ပြီး ဆောင်ရွက်သည့် ကုမ္ပဏီနှင့် တာဝန်ရှိသူများကို စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့က ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို မေ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ လူမော်