ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၁ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၂ ခု ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်း ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးနိုင်ကိုကို၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီကို ပြည်ထောင်စုအစိုးရမှ ဖျက်သိမ်းပြီး မြို့နယ်များတွင် နယ်ပယ်အလိုက် တတ်သိပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သော Third Party ကို ပြည်ထောင်စုအစိုးရမှ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယခုအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက Construction Industry Development Board Law (CIDBL) မြန်မာ (မူကြမ်း)ကို ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ အဆိုပါမူကြမ်းအား ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီး ရှေ့နေချုပ်ရုံးမှ ပြန်လည်ပြင်ဆင်ပေးသည့် အချက်များကို ပြန်လည်ပြင်ဆင်၍ ရှေ့နေချုပ်ရုံးသို့ ထပ်မံပေးပို့ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ပါကြောင်း။

 

Construction Industry Development Board Law (CIDBL)အတည်ပြုပြီးပါက တစ်နိုုင်ငံလုံး လိုက်နာ ကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ CIDB ဗဟိုအဖွဲ့သာမက တိုင်းဒေသကြီး/ပြည်နယ် အလိုက် CIDB အဖွဲ့များကို ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ CIDB တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် Construction Management, Safety, Quality Control, Fire Protection& Inspection နှင့် ပတ်သက်သည့် Inspection Teams များ ထားရှိဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

CIDB Law အတည်ပြုပြီး၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် CIDB အဖွဲ့များ ဖွဲ့စည်းပြီးပါက Construction Management, Safety, Quality Control, Fire Protection နှင့် ပတ်သက်၍ Inspection Teams များ ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီများကို ဖျက်သိမ်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်၏ ယခုအခါတွင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ ဥပဒေဆိုင်ရာ အထောက်အကူ ဥပဒေ၊ နည်းဥပဒေများတွင် ပြစ်မှုကျူးလွန်သူများ ရှေ့နေရှေ့ရပ်များ မငှားနိုင်ပါက လိုက်နာဆောင်ရွက်ပေးရန်သာ ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် တရားမလမ်းကြောင်းအရ တရားမဥပဒေများဖြင့် စွဲဆိုရမည်ဆိုပါက ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့များမှ လိုက်ပါဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သို့လမ်းညွှန်မှု၊ အကြံပေးနိုင်မှုများ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ ၂၀၁၆ ခုနှစ်နှင့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနည်း ဥပဒေ ၂၀၁၇ ခုနှစ်တွင် ပါရှိသော ဥပဒေ ပြဋ္ဌာန်းချက်များအရ ပြစ်မှုဖြင့် စွပ်စွဲခံရသူများ၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်း ခံရသူများ၊ ပြစ်မှုနှင့် သက်ဆိုင်သော သက်သေများအား ယင်းဥပဒေပုဒ်မ ၂ ပြဋ္ဌာန်းချက်ပါ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများနှင့် အကျိုးဝင်ပါက ဥပဒေ အထောက်အကူပေးရန် ပြဋ္ဌာန်း ပါရှိပါကြောင်း။

 

အဆိုပါ ပြဋ္ဌာန်းချက်အရ ပြစ်မှုနှင့်ပတ်သက်သည်ကို ဆောင်ရွက်ခွင့် ဥပဒေက အပ်နှင်းထားပါကြောင်း၊ တရားမနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်နှင့် တာဝန်ပေးခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် တရားမမှုနှင့် ရင်ဆိုင်နေရပြီး ရှေ့နေရှေ့ရပ် မငှားနိုင်သော အမှုသည်များ တရားမလမ်းကြောင်းအရ တရားမဥပဒေများနှင့် စွဲဆိုရမည်ဆိုပါက ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့များ အနေဖြင့် လိုက်ပါဆောင်ရွက်ခွင့် မရှိပါကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ် (ခ) ဦးကိုလတ်၏ ရှမ်း ပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပြည်ထောင်စုကျောက်တိုင်ကွင်းသို့ လာရောက်လေ့လာကြသော ခရီးသွားဧည့်သည်များ၊ တိုင်းရင်းသား ပြည်သူများအတွက် သမိုင်းဝင် ပင်လုံစာချုပ် ပေါ်ပေါက်လာပုံ သမိုင်းနှင့် ပင်လုံကျောက်တိုင် တည်ဆောက်ခဲ့သော ရည်ရွယ်ချက်များကို သမိုင်းနောက်ခံ ပန်းချီကားချပ်များ၊ ဓာတ်ပုံများ၊ အထောက်အထား စာရွက်စာတမ်းမှတ်တမ်းများ၊ မှတ်တမ်းရုပ်ရှင်များဖြင့် စီစဉ်ချိတ်ဆွဲပြသနိုင်စေရန် Mini Cinema တစ်ခု၊ ပြခန်းတစ်ခု၊ ပြည်သူများ စုဝေးခန်းတစ်ခုနှင့် နားနေခန်းတစ်ခု ပါဝင်သော ပြတိုက်တစ်ဆောင်ကို ပြည်ထောင်စု အစိုးရအနေဖြင့်ဖြစ်စေ၊ ရှမ်းပြည်နယ် အစိုးရအနေဖြင့်ဖြစ်စေ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက အဆိုပါ ပြတိုက်ကို ရှမ်းပြည်နယ် အစိုးရအနေဖြင့် တည်ဆောက်ပေးရန် လတ်တလောတွင် အစီအစဉ် မရှိသေးပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်ပြလာခြင်း မရှိသေးသည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသ ကြီး၊ စလင်းမြို့ရှိ ရှေးမြန်မာမင်းများ တူးဖော်ခဲ့သော ဝက်သည်းကန်ကြီးအတွင်းမှ ရွှံ့နွံများ ဆယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်က ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝက်သည်းကန်အတွင်းရှိ ရွံ့နွံများ တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဆိုပါက စုစုပေါင်း လုပ်ငန်းပမာဏ မြေကျင်း ၆၅၀ဝ၀ ခန့် တူးဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းပမာဏ များပြားသည့်အတွက် နှစ်အပိုင်းအခြားအလိုက် ခွဲခြားဆောင်ရွက်သွားသင့်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် ကုန်ကျစရိတ်ကို တွက်ချက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ပြီး  တိုင်းဒေသကြီး ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံသွားမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး (ခေါ်) ဒေါ်အုန်းကြည်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတိီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်