ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ

ဘားအံ   ၂   ဧပြီ 


ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ဧပြီလ ၂ ရက်နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေး တက်ရောက်ခွင့်ရှိသူ (၂၃) ဦးအနက် (၂၁) ဦး ရာခိုင်နှုန်းအားဖြင့် ၉၁.၃၀ ရာခိုင်နှုန်း  တက်ရောက်ခဲ့ပြီး  အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၄)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း (၁၀)ခုကို မေးမြန်းခဲ့ကာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည် ဖြေကြား ခဲ့သည်။


ဆက်လက်၍ ကရင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောမြင့်ဦးနှင့် မြဝတီ မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်မှလည်းကောင်း၊ ကရင်ပြည်နယ် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဥပဒေကြမ်းကို မွန်တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ်ကိုယ်စားလှယ်ဦးမင်းတင်ဝင်းနှင့် သံတောင်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးစောလှမြင့်တို့ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော မြဝတီမြို့၊ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်း တည်ဆောက်ရေး စီမံကိန်းနှင့် ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းတို့နှင့်  စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် မှ အတည်ပြုမည့်နေ့ရက်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပြီး  ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင် (၁) ဦး ထပ်မံခန့်အပ်ခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့် ပြည်နယ် လွှတ်တော်မှ အတည်ပြုကြေညာခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)