နေပြည်တော် ၂၇ ဖေဖော်ဝါရီ
နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မအရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်တွေ့ကျကျ အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်အဖြစ် ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးဝင်းအောင်အား လည်းကောင်း၊ အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းအား လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်မည် ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့တို့အား သီးခြားတာဝန်ပေးအပ်ရန် ရှိသောကြောင့် ကော်မတီအဖွဲ့ဝင်များအဖြစ်မှ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်၏ ဆန္ဒရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်ဟိန်က အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လျာထားသည့် အဖွဲ့ဝင်များအဖြစ် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ်၊ လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ရွှေပုံ၊ စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်နှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချို၊ ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်နှင့် အတွင်းရေးမှူးအဖြစ် စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်တို့အား တာဝန်ပေးအပ်ရန် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။
ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်တွင်ရှိသော ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင် တည်ဆောက်ပေးရန်နှင့် မြေသားတူးမြောင်းမကြီးအား ဆည်မြောင်းပုံစံကျ ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝါရှောင်ရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု သာမန်အသုံး စရိတ်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ကာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရေလွှဲဆည် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများနှင့် တူးမြောင်းမကြီး၏ လိုအပ်သည့် အပိုင်းများတွင် ကွန်ကရစ်လိုင်နင်စီခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှနှင့် မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းသန်းလင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးလှကျော်နှင့် ဗိုလ်ချုပ်သန်းထွဋ်တို့က ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ချောင်းဆုံ မဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း တင်သွင်းသည့် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မအရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်တွေ့ကျကျ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက အခြေခံအကျဆုံး လိုအပ်ချက်သည် မျိုးစေ့ဆိုသည်ကို အားလုံးလက်ခံရမည့်အချက် ဖြစ်ပါကြောင်း၊ သီးနှံထွက်နှုန်း တိုးတက်စေလိုပါက အခြေခံအကျဆုံး ဖြစ်သည့် မျိုးစေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမြင်ကျယ်ကျယ်ထားပြီး မဆောင်ရွက်ပါက ကျန်သည့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့ မည်မျှပင် ကောင်းနေပါသော်လည်း အခြေခံ ဗီဇမကောင်းသည့် မျိုးစေ့ကြောင့် အထွက်နှုန်းကို မျှော်မှန်းထားသည့်အတိုင်း ထွက်ရှိလာမည် မဟုတ်ပါကြောင်း။
မြောက်များလှသည့် သီးနှံအုပ်စုများအကြားတွင် ယခုလက်ရှိ သုတေသန လုပ်ငန်းပမာဏနှင့် ဆောင်ရွက်ရန် ပြည့်စုံလုံလောက်မှုမရှိနိုင်ဟု သုံးသပ်မိပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှသည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ရန်ပုံငွေအားအပြင် နိုင်ငံတကာအကူအညီ အထောက်အပံ့များနှင့်လည်း စီမံကိန်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်း မျိုးစေ့များ၊ တောင်သူလယ်သမားများ တိုးမြှင့်သုံးစွဲလာသည်နှင့်အမျှ အထွက်နှုန်းနှင့် အရည်အသွေးကောင်း သီးနှံများ တိုးတက်စိုက်ပျိုး ထုတ်လုပ်လာနိုင်မည် ဖြစ်သည့်အလျောက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် မျိုးစေ့အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းများကိုလည်း ပြည်ပအကူအညီများနှင့် အရည်အသွေး မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
လက်ရှိအနေအထားတွင် တောင်သူလယ်သမားများ မျိုးကောင်း၊ မျိုးစေ့၊ မျိုးသန့်များ သုံးစွဲနိုင်ရန်အတွက် စပါးသီးနှံသာမက အခြားအရေးကြီးသီးနှံများဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကိုလည်း ပြည်တွင်းစားသုံးမှု သာမက ပြည်ပဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် လုံလုံလောက်လောက် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကလက်နက်ကောင်း တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အလျောက် ယခုတင်သွင်းသည့် အဆိုသည် နိုင်ငံတော်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာရန်အတွက် ဦးတည်ပြီး ရှေ့ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းများကို အရှိန်အဟုန် ကောင်းကောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို များစွာအထောက်အကူပြုရာ ရောက်သည်ဟု သုံးသပ်ရရှိသည့်အတွက် လွှတ်တော်မှ အတည်ပြုပေးသင့်သည့် အဆိုဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူ မရှိသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို မတ် ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)


