ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၂၈ မေ
    

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

အစည်းအဝေးတွင် ဗဟန်းမဲဆန္ဒနယ်မှ ဦးထွန်းမြင့်၏ ဗဟန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အဆောက်အဦသည်  ပျက်စီးယိုယွင်းနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် သို့မဟုတ် နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဆောက်အဦသည် လွန်စွာဟောင်းနေပြီဖြစ်သည့်အတွက် ပြန်လည်အသစ် တည်ဆောက်မှသာ အဆင်ပြေမည့် အနေအထားဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေနေရာပေးပြီး မြေနေရာရရှိမှသာလျှင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အဆောက်အဦအတွက် ငွေခွဲဝေပေးမည်ဖြစ်ပါကြောင်း၊ မြေနေရာမရှိဘဲ ဘဏ္ဍာငွေ တောင်းခံ၍ မရပါကြောင်း၊ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနပိုင်သည့် ဝန်းထဲတွင် မိမိတိုအတွက် မြေနေရာ ခွဲဝေပေးနိုင်မည်ဆိုပါက ထိုမြေနေရာပေါ်တွင် အသစ်ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦအတွက် အစီအစဉ်ရှိပါကြောင်း၊ အထက်ပါ နည်းလမ်းနှစ်ခုနှင့် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

ဆက်လက်၍ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်း၏ မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်းစေခြင်း လုံးဝပပျောက်စေရန်နှင့်  ပြန်လည်ခေါင်းထောင်လာနိုင်ခြင်း မရှိစေရန် မြန်မာနိုင်ငံအစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် I.L.O အစည်းအဝေးများ မကျင်းပမီ အစီအစဉ်ရေးဆွဲထားခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဖြေကြားသည်။
    

 

ထို့နောက် မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မိုးကောင်းမြို့နယ်၊ နန့်ဟိုင် ကျေးရွာအုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကာမိုင်းကြိုးပြင်ကာကွယ်တော ဖွဲ့စည်းသတ်မှတ်ခဲ့စဉ်က နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာရှိ ဒေသခံပြည်သူ ၁၅၈ ဦးအတွက် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများအား သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၅၄)နှင့်အညီ မြို့၊ ရပ်ကွက်၊ ကျေးရွာ ပြင်ဆင်ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

ယင်းနောက် မိုင်းကိုင် မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၏ မိုင်းကိုင်မြို့နယ် မြို့မအုပ်စုအမှတ်(၃) ရပ်ကွက်၊ အခြားရပ်ကွက်ကျေးရွာအုပ်စုများမှ လယ်ယာမြေများနှင့် ရပ်ကွက်ကျေးရွာနှင့် သက်ဆိုင်သော မြေများအား ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ဧရိယာစာရင်းမှ အမြန်ဆုံးပယ်ဖျက်ပေးရန်နှင့်  လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များ လျှောက်ထားရယူရန် မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏  ထီးချိုင့်မြို့နယ်၊ တကောင်းတောင် နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချစနစ်အတွက် လျှပ်စစ်ဓာတ်အားသွယ်တန်းရာတွင် ဒေသခံတောင်သူများ၏ လယ်မြေများအတွင်း မီးတိုင်စိုက်ထူထားသောကြောင့် နစ်နာမှုကို မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေကြားသည်။
    

 

ဆက်လက်၍ ဖယ်ခုံမဲဆန္ဒနယ်မှ ဦးဖိုးမောင်၏ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့အတွင်းရှိ မိုးဗြဲဆည်(ခ)ဖယ်ခုံအင်း၏ အရှေ့ဘက်တွင် နေထိုင်သော ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နောင်လိုင်း ကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာနှင့် ကုရင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၇ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်းလျာထား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
    

 

ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်တွင်ရှိသည့် လွယ်ပေါကျေးရွာအုပ်စု၊ မခေခမ်း၊ လွယ်ဟယ်၊ ပိန်းနဲကုန်း၊ နန်းဆွတ်၊ နန်းပေါ်လုံ၊ လွယ်ပေါနှင့် ဆောင်နန်းခဲကျေးရွာ ၇ ရွာ၊ နားဟီးကျေးရွာ အုပ်စု၊ နားဟီး၊ အုန်တိုင်း၊ နားကုန်း၊ ကာလ၊ လွိုင်စတီ၊ ဘန်းခူး၊ နန်းစမုတ်နှင့် ပုံးလောကျေးရွာ ၈ ရွာ လျှပ်စစ်ဓာတ်အားရရှိစေရန်အတွက် ညောင်ကုန်းတွင် ၃၃/၁၁ ကေဗွီ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံကို ပြည်ထောင်စု၏ ငွေလုံးငွေရင်း ဘတ်ဂျက်ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန် လျာထားရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးချိန်တွင် အဆိုပါ ကျေးရွာများအတွက် လိုအပ်သည့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၄၀ဝ ဗို့ ထရန်စဖော်မာဓာတ်အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရ၏ ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

ထို့နောက် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်၏ တောင်ဥက္ကလာပမြို့နယ်အတွင်း သက်တမ်းကြာနေပြီဖြစ်သော လျှပ်စစ်မီးကြိုးများ နေရာတွင် လျှပ်စစ်မီးကြိုးအသစ်များ အစားထိုးဆောင်ရွက်ခြင်းကို မည်ကဲ့သို့သော အစီအစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ထားပါသည်နှင့် လျှပ်စစ်အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မည်ကဲ့သို့ စီမံပြင်ဆင်ထားသည်ကို သိလိုခြင်း မေးခွန်း၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၏ ရေကြည်မြို့နယ်၊ ငဝန်မြစ် အနောက် ဘက်ကမ်းကျေးရွာများသို့ ငဝန်မြစ်ကို ဖြတ်ကျော်ပြီး သီတာကုန်းပြင်ကျေးရွာကြီးကို အခြေခံကာ လျှပ်စစ်မီး သွယ်တန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ ဆင်ပေါင်ဝဲ မြို့နယ်အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိ စသည့်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လိုအပ်သော ဓာတ်အားလိုင်း သွယ်တန်းမှုများနှင့် ထရန်စဖော်မာ တပ်ဆင်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၏ လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင် 33/11KV 5-MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြားသည်။
    

 

ယင်းနောက် သရက်ချောင်း မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ထားဝယ်ခရိုင်တွင် အစိုးရနည်းပညာ သိပ္ပံကျောင်း (AGTI) ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ထားဝယ်ခရိုင် ထားဝယ်မြို့တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(ထားဝယ်) ဖွင့်လှစ်နိုင်ရေးအတွက်  ပင်မဆောင် (သံကွန်ကရစ် ၃ထပ်) ၁ လုံး တည်ဆောက်ခြင်း၊ အလုပ်ရုံ ၁ ထပ် Steel Structure  ၂ လုံး တည်ဆောက်ခြင်း၊  ဆရာ၊ ဆရာမဆောင် RC ၄ ခန်းတွဲ ၄ ထပ် ၂ လုံး တည်ဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ ရေရရှိရေး၊ မီးရရှိရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

ဆက်လက်၍ မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၏ တက္ကသိုလ်ဝင်ခွင့်၊ ဆေးတက္ကသိုလ်ဝင်ခွင့်နှင့် တိုက်ရိုက်လျှောက်ထားနိုင်သော ကျောင်းများအား ဝင်ခွင့်လျှောက်ထားရာတွင် ကျောင်းသားတစ်ဦးတည်း ကျောင်း (၃)ကျောင်းတွင် ဝင်ခွင့်ပါနေခြင်းကြောင့် အမှတ်အနည်းငယ်လျော့သော ကျောင်းသားများသည် တက်ရောက်ချင်သောကျောင်းသို့ တက်ရောက်ခွင့် မရရှိဘဲ နစ်နာခဲ့မှုအပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ခဲ့သည်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်ခွင့်လျှောက်ထားနိုင်ရေးကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ မာန်အောင်  မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်၏ မာန်အောင်မြို့နယ် အတွင်းရှိ သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ လည်းကောင်း၊  င/ပုန်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းအဆင့်သို့ လည်းကောင်း၊  ညောင်ကုန်းကျေးရွာ အခြေခံမူလတန်း(လွန်) ကျောင်းအား အခြေခံ ပညာအလယ် တန်းကျောင်း(ခွဲ) အဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ မတူပီ မဲဆန္ဒနယ်မှ ဦးပါထန်း၏ မတူပီမြို့ အနောက်ခိုဘွေရပ်ကွက်ရှိ အလယ်တန်းကျောင်းခွဲအတွက် လိုအပ်သော (၄)ခန်းတွဲ ၂ ထပ်ဆောင် သံကူကွန်ကရစ်ကျောင်းဆောင် အသစ်တစ်ခုအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ် အတွင်းရှိ စာသင်ကျောင်းများအတွက် မြေပြုပြင်ပေးပြီး ကျောင်းအားကစားကွင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ တည်ဆောက်ပေးခြင်း၊ ကျောင်းဆောင်အသစ် များ ဆောက်လုပ်ရာတွင် လမ်းအမြင့်ထက် မြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားသည်။
    ထို့နောက် ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်တင်သွင်းသည့် မြန်မာနိုင်ငံတွင် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာအကြောင်း တတ်သိကျွမ်းကျင်သော ပညာရှင်များ ကမ္ဘာ့အလယ်မှာ ပေါ်ထွန်းလာစေရန် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံ ပညာအလယ်တန်းအဆင့်တွင် ယခုထက် ပိုမိုသင်ကြားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
    

 

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်မြင့်မြင့်နွယ်က နိုင်ငံတော် တည်ဆောက်ရေးအင်အားစုဖြစ်သည့် လူငယ်များသည် ပထဝီ၊ သမိုင်း ဗဟုသုတများအပေါ် အခြေခံ၍ နိုင်ငံတော်၏ လက်ရှိခေတ်စနစ်အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သုံးသပ်နိုင်စွမ်းရှိရေး လေ့ကျင့်ပျိုးထောင်ပေးရန် နိုင်ငံတော်တွင် တာဝန်ရှိပါကြောင်း၊ ယနေ့ကမ္ဘာတွင် လူမျိုးရှိသော်လည်း ပထဝီနယ်နိမိတ်မရှိ၍ ပြဿနာများစွာ ပေါ်ပေါက်လျက်ရှိသည်ကို အရှေ့အလယ်ပိုင်းဒေသတွင် တွေ့မြင်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မျိုးဆက်သစ်များအား Geopolitics ၊ Political Geograhpy နှင့် Political History တို့၏ သဘောတရားကို နားလည်သဘောပေါက်ရန် လေ့ကျင့်သင်ကြားပေးသင့်ကြောင်းကို အကြံပြုတင်ပြလိုပါကြောင်း။
    

 

ပညာရေးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက်တွင် လိုအပ်ချက်များ အမြဲပြောင်းနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ ပြုပြင်နိုင်ရန်အတွက် အချက်အလက်များကို စနစ်တကျ လေ့လာဆန်းစစ်ခြင်း၊ သုတေသနပြုလုပ်၍ နည်းလမ်းရှာဖွေခြင်း အစိုးရဌာနအဖွဲ့အစည်းများ၊ အရပ်ဘက်ပညာရှင် အဖွဲ့အစည်းများနှင့် ပညာရှင်များ၏ သုတေသနပြုရှာဖွေထားသော ရလဒ်များကိုပါ ထည့်သွင်းစဉ်းစား၍ စုပေါင်းသုံးသပ်အဖြေရှာ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။
    

 

ဆက်လက်၍ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်နှင့် မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်တို့က ဆွေးနွေးကြသည်။
    

 

အဆိုနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍ သမိုင်းဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို အခြေခံပညာ အလယ်တန်းအဆင့်၌ လက်ရှိ သင်ရိုးတွင် ကျောင်းသား၊ ကျောင်း သူများ၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အရ လိုက်လျောညီထွေမှုရှိစေရန်နှင့် သိသင့်သိထိုက်သော အချက်အလက်များပါဝင်စေရန် သင်ခန်းစာများ ပြဋ္ဌာန်းထားပြီး KG+12 သင်ရိုးသစ်ဖြင့် သင်ကြားရာတွင်လည်း ကျောင်းသားဗဟိုပြုသင်ကြားနည်းဖြင့် ကျွမ်းကျင်မှုကို အခြေပြုပြီး ကျောင်းသားအချင်းချင်း ပူပေါင်းဆောင်ရွက်၍ ပြဿနာ ဖြေရှင်းခြင်း၊ ဆက်စပ်စဉ်းစားတွေးခေါ်တတ်ခြင်း စသည့်သင်ကြားမှု နည်းလမ်းများဖြင့် ပြုစုထားခြင်းတို့ဖြင့် လက်ရှိသင်ရိုးပြဋ္ဌာန်းချက်ထက် ပိုမိုသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိသောကြောင့် အဆိုအားအတည်ပြုပေးပါရန် ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထား ရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။      
    

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို မေ ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


အေးအေးသန့်(သတင်းစဉ်)