ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၃  ဇွန် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုမှ ဒေသခံပအိုဝ်းတိုင်းရင်းသားများ (၂၄) နာရီ လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ကူညီပံ့ပိုးဆောင်ရွက်ပေးမည် ကို သိလိုခြင်းနှင့်စပ်လျဉ်း၍  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က မောက်မယ်မြို့တွင် ၃၃/၁၁ ကေဗွီ ခွဲရုံမှ ဟိုနမ့်ကျေးရွာသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂၂ မိုင်နှင့် ဟိုနမ့်ကျေးရွာတွင် ၃၃ ကေဗွီ ဓာတ်အားခွဲ ရုံ(၁) တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် ထည့်သွင်းလျာထားဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ ကိစ္စအား စီစဉ်ဆောင်ရွက်ပြီးပါက ထပ်မံလိုအပ်လာမည့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁ ဒသမ ၄ ကေဗွီ ထရန်စမော်မာများ  တပ်ဆင်ခြင်းလုပ်ငန်းများကို ၃၃ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးသော အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ၏ ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများတွင် မီတာဘောက်စ်ရရှိရေး များစွာနှောင့်နှေးခက်ခဲနေခြင်းကို မည်သို့ဆောင်ရွက်ပေးမည်၊ ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးဝဲယာရှိ ၁၁ ဓာတ်အားလိုင်း မရောက်ရှိသေးသော ကျေးရွာ ၃၅ ရွာအား ဓာတ်အားလိုင်းသွယ်တန်းပေးရန်နှင့် ဓာတ်အားနိုင်နင်းမှုရှိစေရေးအတွက် လိုအပ်သော ဓာတ်အားခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့နယ်သစ်(တောင်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော  66/11KVA  ဓာတ်အားခွဲရုံများ ဆောက်လုပ်ပေးပါရန်၊ ဝါယာကြိုးများ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ လမ်းမီးသီး၊ မီးလုံးများ ပြုပြင်တပ်ဆင်ခြင်း၊ ရှုပ်ထွေး ဝါယာကြိုးများ ရှင်းလင်းရေးအတွက် ကရိန်းကား သို့မဟုတ် လုပ်ငန်းသုံး ကားတစ်စီးနှင့်  လျှပ်စစ်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လုံလောက်စွာ ချထားပေးပါရန်၊ သုံးစွဲမီတာ၊ သုံးစွဲထရန်စဖော်မာများအတွက်  ကိုက်ညီသော မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ခန့်ထားပေးရန် သို့မဟုတ် မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ခွဲ အင်အားချထားပေးရန် အစီအစဉ်ရှိ၊ မရှိ  မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပုသိမ်ကြီး မဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၏ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးများ ချထားပြီးစောင့်ရှောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)  ဒေါက်တာ ဦးခင်မောင်မောင်၏ မြန်မာနိုင်ငံ အကျဉ်းထောင်များ၌ နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံးလျက်ရှိသော PAROLE SYSTEM ကျင့်သုံးရန် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၏ ရွေးချယ်ခံအုပ်ချုပ်ရေးမှူး တစ်ဦးအား လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျေနပ်မှု မရှိပါက  တိုင်ကြားလာပါက ၎င်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ ဌာနတွင်းဖြေရှင်း ဆုံးဖြတ်ချက် မချမီ သို့မဟုတ် တရားရုံးသို့ ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲဆိုလျှောက်ထားချက်အပေါ် သက်ဆိုင်ရာတစ်ရုံးမှ အမှုကို စီရင်ဆုံးဖြတ်ခြင်း မပြုရသေးမီ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူး၏ တာဝန်ဆက်လက်ထမ်းဆောင်ခွင့် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က တိုင်ကြားမှုများရှိလာပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ အရ စုံစမ်းစစ်ဆေးမှုပြုပြီး စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် တရားရုံး၏စီရင်ဆုံးဖြတ်ချက်များအရ နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် ဆက်လက် တာဝန်ထမ်းဆောင်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တာဝန်မှ ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ပုဒ်မ ၁၆(ဂ) အရ ဆန္ဒမဲ ဒုတိယအများဆုံးရရှိသည့် ရာအိမ်မှူးတစ်ဦးဦးအား ယာယီတာဝန်ပေးအပ်ထားပြီး တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အပေါ် မူတည်၍ ၎င်းအုပ်ချုပ်ရေးမှူးသည် အပြစ်မရှိကြောင်း အမှုမှအပြီးအပြတ်လွတ်ကြောင်း စီရင်ဆုံးဖြတ်ပါက ဆက်လက်တာဝန်ပေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အပြစ်ရှိ၍ ပြစ်ဒဏ်တစ်စုံတစ်ရာကျခံရပါက တာဝန်မှ ရပ်နားပြီး ဥပဒေနှင့်အညီ အသစ်ပြန်လည်ရွေးချယ် တာဝန်ပေးဆောင်ရွက်လျက်ရှိပါကြောင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပေါင်းစပ်ဖြေကြားချက်အရ  ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ ပြည်သူ့ဝန်ထမ်းများ၏ တစ်နှစ်တာဆောင်ရွက်တာဝန်ကျေပွန်မှုများကို စံအကဲဖြတ် အမှတ်ပေးစနစ်အရ ရွေးချယ်သော  စံပြလုပ်သားကောင်းဆုကဲ့သို့ ဝန်ထမ်းကောင်းဆု ဘွဲ့တံဆိပ်များကို နှစ်စဉ်ထိုက်တန်စွာ ချီးမြှင့်ပေးရန်နှင့် တစ်ကြိမ်မက ဝန်ထမ်းကောင်းဆု ရရှိသူများကို နိုင်ငံတော်မှ အိုးအိမ်၊ မော်တော်ယာဉ်ချီးမြှင့်ပေးရန် သို့မဟုတ် တစ်သက်တာ ဝန်ထမ်း ကောင်းဆု ချီးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်  ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ကျေးရွာအုပ်စုကို ဖောင်တော်သီမြို့အဖြစ် ပြည်ထဲရေးအမည်ပေါက် ဆောင်ရွက်ပေး ရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၏ လေးမျက်နှာ မြို့နယ်၊ ကြီးပေါက်ကုန်း၊ ကွမ်းခြံကုန်းနှင့် ပန်းတောကြီးအုပ်စုတို့ အတွင်းရှိလယ်ယာမြေများကို နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ခတ္တူချောင်းကြီး၌ ရေသိုလှောင်ဖြန့်ဖြူးနိုင်မည့် မြောင်းပေါင်တမံနှင့် ရေတံခါးကို၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးလှကျော်က ရေတံခါးတည်ဆောက်ရန်ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိ လိုအပ်သည့် စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုလုပ်ငန်းများအတွက်  လိုအပ်ရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရ(ဖြည့်စွက်)ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး စူးစမ်းလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စူးစမ်းလေ့လာမှုလုပ်ငန်းများ၏ရလဒ်များ  ဆောင်ရွက်မှု ဖြစ်မြောက်နိုင်စွမ်းရှိမှုအပေါ် မူတည်ပြီး လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေတိုင်းဌာနခွဲ သီးသန့်ဖွဲ့စည်းပေးရန်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် နှစ်ကာလကြာရှည်စွာ တောင်သူများ စိုက်ပျိုးလုပ်ကိုင်ပြီး လုပ်ကွက်တည်ငြိမ်လျက်ရှိသော နေရာများအား မြေလွတ်၊ မြေလပ်နှင် မြေရိုင်းများ ဥပဒေ၊ နည်းဥပဒေများမှ မဟုတ်ဘဲ ဖြေလျှော့၍ရသော နည်းလမ်းတစ်ခုခု ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က  ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ပင်လည်ဘူး မဲဆန္ဒနယ်မှ ဦးမင်းနောင်၊ စလင်း မဲဆန္ဒနယ်မှ ဦးကံဦးနှင့် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့က ဆွေးနွေးကြပြီး အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်  ဦးမျိုးနိုင်က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 

ယင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီဝင်  ဦးမျိုးနိုင်က  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တင်သွင်းသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင်သီးနှံပင်များ ပိုမိုစိုက်ပျိုးဖြစ်ထွန်းလာစေရေး၊ စိုက်ပျိုးရေးပညာရှင်များဖြင့် လက်တွေ့နည်းပညာရပ်များ ပေးနိုင်မည့် စံပြစိုက်ကွက်များ ဖော်ဆောင်ပေးခြင်း၊ စိုက်ကွင်း၊ စိုက်ကွက်များ အရောက် ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာရပ်များ ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် လယ်ယာသီးနှံ စိုက်ပျိုးရေးနည်းပညာရပ်များ ပိုမိုထွန်းကားလာစေရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးကြသည်။

 

မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက အဆိုရှင်သည် ပိုလန်စကားပုံတစ်ခု ဖြစ်သော လယ်သမားဆင်းရဲပါက တိုင်းပြည်ဆင်းရဲနေသည်နှင့် အတူတူဟု ပြောဆိုသွားပါကြောင်း၊ လက်ရှိအခြေအနေတွင် ကျေးရွာလူထု ဆင်းရဲလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ တရားမဝင်ရွှေ့ပြောင်းမှု များပြားလာခြင်း၊ ပြည်ပမှ စိုက်ပျိုးထွက်ကုန်များ ပြန်လည်တင်သွင်းနေရခြင်း၊ နိုင်ငံခြားသို့ တင်သွင်းသော လယ်ယာထွက်ကုန်ပစ္စည်းအမယ်များ တဖြည်းဖြည်းနည်းပါးလာခြင်း စသည်တို့သည် အကောင်အထည်ဖော်ပြောင်းလဲရမည့်အချက်များ ဖြစ်ပါကြောင်း၊  ထို့ကြောင့်် အဆိုသည် လယ်ယာကဏ္ဍအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သင့်သော အချိန်အခါဖြစ်သဖြင့်  အားထည့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း အဆိုအား အတည်ပြုပေး သင့်ပါကြောင်း ဆွေးနွေးသည်။ 

 

ဆက်လက်၍ မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်နှင့် ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်တို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စိုက်ပျိုး ရေးဦးစီးဌာန၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လယ်ယာထွက်ကုန် ပြည်ပပို့ကုန် ကုမ္ပဏီ၊ တောင်သူကိုယ်စားလှယ်အဖွဲ့၊ တောင်သူများ စုပေါင်း၍ GAP စနစ်ဖြင့် ထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်ရန်၊ ဓာတုဓာတ်ကြွင်း အာနိသင် နည်းရန်၊ ပို့ကုန်အဆင့်အရည်အသွေးမြှင့်တင်ရန်၊ ကောင်းမွန်သည့် ပြည်ပဈေးကွက် ရရှိရန် သီးနှံထုတ်လုပ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူ များနှင့် တွေ့ဆုံပွဲများနှင့် ဈေးကွက်ဖော်ဆောင်ပေးရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ၍ လိုအပ်ချက်များကို ပူးပေါင်းကူညီ ဖြေရှင်းပေးလျက် ရှိပါကြောင်း။

 

မိမိတို့ ပြည်တွင်းအရင်းအမြစ်စွမ်းအားများဖြင့် ဆောင်ရွက်နေပြီး နိုင်ငံတကာ အကူအညီ အထောက်ပံ့နှင့် ချေးငွေစီမံကိန်းများကိုလည်း JICA၊ ADB၊ KOICA၊ IFDC  စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေး အကူအညီများ ရယူပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

လက်ရှိ ဒေသတွင်း နိုင်ငံများနှင့် မိမိတို့နိုင်ငံ နှိုင်းယှဉ်ပါက ကွာဟချက် ရှိနေဆဲ ဖြစ်ပါကြောင်း၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအား၊ စိုက်ပျိုးရေးပညာရှင်များ တိုးတက်လေ့ကျင့် မွေးထုတ်လာသည့်အပိုင်းများအနေဖြင့်လည်း ကြိုးစားဖြည့်ဆည်း လုပ်ကိုင်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရှိရင်းစွဲအရင်းအမြစ်များကို အသုံးချ၍  ဈေးကွက်ဝင်သီးနှံပင်များ ပိုမိုစိုက်ပျိုး ဖြစ်ထွန်းလာစေရေးအတွက် စိုက်ပျိုး ထုတ်လုပ် သူများ၊ စိုက်ပျိုးထုတ်လုပ်သူအသင်းများ၊ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များ ဟန်ချက်ညီညီဖြစ်စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်း၍ အလေးအနက်ထား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအဆိုသည် မိမိတို့မျှော်မှန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အကောင်အထည်ဖော်နေမှု အပေါ် များစွာ  အထောက်အကူပြုစေမည့် အဆိုတစ်ရပ်ဖြစ်သည့်အတွက် အဆိုအား အတည်ပြုသင့် ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘော ထား ရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော် ၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။      

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဇွန် ၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 

အေးအေးသန့်(သတင်းစဉ်)

 

ge 616296