ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ 

နေပြည်တော် ၂၁ မေ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်    မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၏ ပင်စင်စား ဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် ပင်စင်ခံစားခွင့် ညီမျှမှုရှိစေရန်နှင့် သက်ကြီးရွယ်အို ပင်စင်စားများအား ၎င်းတို့၏ ဆန္ဒအရ ပင်စင်အပြီးခံစားခွင့်ရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပင်စင်စားများအား တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ပြုရန်ကိစ္စသည် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရ ရေရှည်ခံနိုင်စွမ်းအားကို သုံးသပ်ချိန်ဆရန် လိုအပ်ခြင်း၊ ပင်စင်စား၏ ရေရှည်ပုံမှန်ဘဝရပ်တည်နိုင်မှုကို ထိခိုက်နိုင်ခြင်း၊ ပင်စင်လစာတိုးမြှင့်ပေးချိန်များတွင် ပင်စင်စားအနေဖြင့် ခံစားခွင့်နစ်နာနိုင်ခြင်းတို့ကို ထည့်သွင်းစဉ်းစားရမည်  ဖြစ်ပါကြောင်း၊ ပုံမှန်လစဉ် ပင်စင်ထုတ်ယူနိုင်သည့်စနစ်သည် နိုင်ငံတော်အတွက် ငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အစိုးရ၏ ဖွံ့ဖြိုးရေးအသုံးစရိတ်များ သုံးစွဲနိုင်မှုကိုလည်း ပိုမိုအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အို ပင်စင်စားများအား စနစ်တကျတွက်ချက်၍ ၎င်းတို့၏ ဆန္ဒအရ ပင်စင်အပြီး ခံစားခွင့်ရှိစေရန် အစီအစဉ်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ ချင်းပြည်နယ်၏ ငွေလုံးငွေရင်း ဘဏ္ဍာငွေများကို မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် ခွဲဝေချထားရာတွင် မည်သည့် အချက်အလက်များကို အခြေခံပြီး ခွဲဝေချထားပေးသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချင်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေမှ ငွေလုံးငွေရင်း အသုံးစရိတ်များကို မြို့နယ် တစ်မြို့နယ်ချင်းစီအလိုက် ခွဲဝေချထားရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို  အခြေခံ၍ ကဏ္ဍအလိုက် လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးမှု ဦးစားပေးအစီအစဉ်တို့နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့မှ ခွဲဝေလျာထားပြီး ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူ၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ)ဦးအုန်းခင်၏ မင်းလှမြို့နေ ပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိရန်အတွက် မြစ်ရေတင် ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခု ထပ်မံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၏ သမဝါယမတက္ကသိုလ် (သန်လျင်) ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို ဘက်စုံသုံးခန်းမ (Multi-purpose Hall) အဖြစ် ပြောင်းလဲဆောင်ရွက်ရန်အတွက် ထပ်မံလိုအပ်သော ဘဏ္ဍာငွေကို မည်သည့်ဘဏ္ဍာ နှစ်တွင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် စပ်လျဉ်း၍ တိကျစွာ စိစစ်ပြီးမှသာ လုပ်ပိုင်ခွင့်ချထားပေးရန်၊ ယခင်က စိစစ်၍ လုပ်ပိုင်ခွင့်ပေးထားသော ယင်းမြေများသည် လက်တွေ့အားဖြင့် မြေပြင်တွင် စိစစ်ချက်နှင့် ကိုက်ညီခြင်းမရှိကြောင်း တင်ပြလာပါက ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်စီမံကိန်းရုံးမှ  ၁၉၉၉-၂၀ဝ၀ တွင် ဒေသထွက် သစ်ပွများဖြင့် တည်ဆောက်ထားပြီး ယခုအခါ ဆွေးပြီးအပျက်အစီးများနေသောကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရုံးအား အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၏ စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာစီမံချက်များနှင့် စီမံကိန်းများ ချိတ်ဆက်မှု၊ မဟာဗျူဟာမြောက်စီမံကိန်းများ ဖော်ထုတ်မှု၊ ဦးစားပေးအဆင့်များ သတ်မှတ်မှု၊ စီမံကိန်းဘဏ်အတွင်း ထည့်သွင်း၍ ၎င်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ပေါင်းစပ်ဆောင်ရွက်မည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၂၀၁၁ ခုနှစ် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေကို ဥပဒေပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာကို ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ပြင်ဆင်ချက်အဆိုတင်သွင်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြေသိမ်းဥပဒေကြမ်းတစ်ရပ်လုံးကို အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်းနှင့်  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက် လူထုဆိုင်ရာ ရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန်အတွက် အရပ်ဘက် လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်သက်ဆိုင်ကြောင်း နိုင်ငံတကာသဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း အဆိုတင် သွင်းရခြင်း၏ရည်ရွယ်ချက်မှာ  ကုလသမဂ္ဂပဋိဉာဉ်စာတမ်းတွင် ထုတ်ပြန် ကြေညာသော အခြေခံမူများနှင့်အညီ လူသားအားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှု ရှိပြီး ဖယ်ရှားမရသော အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခြေခံမူဖြစ်သည့်  နိုင်ငံတော်၏ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော  လောကပါလတရားများ ပိုမိုထွန်းကားရန်နှင့်  လူ့အခြေခံရပိုင်ခွင့်များကို ကာကွယ်နိုင်ရန်၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖြစ်ပါကြောင်း၊ ထို့ပြင်  အသက်ရှင် ရပ်တည်ခွင့်နှင့် လူသားဂုဏ်သိက္ခာ၊ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှု၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ဘဝ၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မလျော်မကန်ပြုမူခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်းတို့မှ လွတ်မြောက်ခွင့်၊ နိုင်ငံရေးတွင် ပါဝင်ခွင့်နှင့် လူနည်းစု ရပိုင်ခွင့်များကို လေးစားလိုက်နာရန် လူ့ဘဝအဆင့်အတန်းကို မြှင့်တင်ရန်နှင့် စာချုပ်ပါ ရပိုင်ခွင့် ချိုးဖောက်ခံရသူအား ထိရောက်သော ကုစားမှုပေးရန်တို့ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို အလေးထားပြီးကာကွယ်နိုင်မည့် မူဝါဒများ၊ ဥပဒေများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ အထင်အရှားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် တိုးတက်လာသော်လည်း လိုအပ်မှုများရှိနေပြီး  ထိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် နိုင်ငံသားတည်းဟူသော ဘောင်အကန့်အသတ်ကိုသာ အာမခံခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတစ်ခုအတွင်း မှီတင်းနေထိုင်သည့် မည်သူမဆို ထိုရပိုင်ခွင့်များကို စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ 
နိုင်ငံတစ်နိုင်ငံ၏ တည်ရှိမှုအပေါ် ခြိမ်းခြောက်နေသည့် အရေးပေါ် အခြေအနေတွင် စာချုပ်ပါရပိုင်ခွင့်ကို လျှော့ချခြင်း (အကန့်အသတ်ဖြင့်ကျင့်သုံးခွင့်) ပါရှိသည့်အတွက် အသွင်းကူးပြောင်းခါစ မိမိတို့နိုင်ငံအတွက် စိတ်ပူစရာမလိုဘဲ စာချုပ်အရ စောင့်ထိန်းရမည့် ကတိကဝတ်များနှင့် သွေဖယ်သော အရေးယူဆောင်ရွက်မှုများကို မလွဲမရှောင်သာ ဆောင်ရွက်ရမည်ဆိုပါက စာချုပ်အဖွဲ့ဝင်နိုင်ငံအစိုးရသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးမှတစ်ဆင့် အခြားသော စာချုပ်အဖွဲ့ဝင်နိုင်ငံ အစိုးရများအား စာချုပ်ပါ မည်သည့်အပိုဒ်အား မည်သည့်အတွက်ကြောင့် သွေဖည်ဆောင်ရွက်ရသည်နှင့် မည်သည့်ရက်တွင် ရပ်တန့်မည်ကိုပါ အကြောင်းကြားရသည့်အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့်လည်း ပိုမိုအချိတ်အဆက် မိမိလုပ်ဆောင်နိုင်မည်ဖြစ်ပြီး လူ့အခွင့်အရေး တန်းဖိုးထားလေးစားသည့် မိမိတို့နိုင်ငံ၏ ပုံရိပ်လည်း ပိုမိုပေါ်လွင်လာမည်ဖြစ်သည့်အတွက် ICCPR စာချုပ်ကို နိုင်ငံတော်မှ လက်မှတ်ရေးထိုးသင့်ပါကြောင်း။

လူ့အခွင့်အရေးကို အမှန်တကယ်လေးစားလိုက်နာသော နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ ကာကွယ်ပေးနိုင်ရန် ယခင်က ရှိခဲ့သည့် ဖိနှိပ်သော ဥပဒေများကို ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပါဝင်သော ရပိုင်ခွင့်များထက် ပိုမိုတိကျသော ရပိုင်ခွင့်များကို အလေးထားကာကွယ်ထိန်းသိမ်းနိုင်ရန် တာဝန်တစ်ရပ် ထမ်းဆောင်နိုင်ရေးအတွက် အဆိုအား လက်ခံဆွေးနွေးပေးပါရန် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်က အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။ 
    
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
    
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ စိုက်ပျိုးရေးထွက်ကုန် သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းရရှိရေး ပြည်တွင်ပြည်ပ ဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများစာရင်းကို ပြည်သူများသိရှိနိုင်ရန် ရာသီအလိုက်ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်းစွာ ချပြအသိပေးပါရန်နှင့် အရည်အသွေးပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေး အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။

သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနက ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မိမိတို့ဒေသများရှိ သင့်တော်မည့် မြို့နယ်များတွင် အဝယ်ဒိုင်များ ဖွင့်လှစ်ကာ သင့်တင့်သော ဈေးနှုန်းဖြင့် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများကို စိုက်ပျိုးသွားနိုင်ရန် ပံ့ပိုးပေးခြင်းများနှင့် အရည်အသွေးပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေး၊ အစိုးရနှင့် ပြည်သူ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုထောက်ခံဆွေးနွေးသည်။

ဆက်လက်၍ မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၊ ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်နှင့် ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျယ်ပြန့်များပြားသည့် သီးနှံမျိုးစုံကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ပထဝီအနေအထားကိုလည်း ပိုင်ဆိုင်ထားပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးပြီး တိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးနှင့် ဆင်းရဲမှု လျှော့ချနိုင် ရေးတို့အတွက် သီးနှံမျိုးစုံမှ ဈေးကွက်ဝင် သီးနှံများ ဖော်ထုတ်ရေး၊ အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး၊ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ပေါ်ပေါက်ရေးတို့သည်  ဦးစားပေးလုပ်ငန်းရပ်များ ဖြစ်ပါကြောင်း။

ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုးစားရာတွင် ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် ဒေသ၊ ရေမြေနှင့် ကိုက်ညီသည့်  စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် တောင်သူများ ပူးပေါင်းပြီး အကျိုးတူလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

စိုက်ပျိုးထုတ်ကုန်များ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ တင်ပို့နိုင်ရန်  ကုန်သွယ်နိုင်ငံများ၏ လိုအပ်ချက်များအရ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များဖြစ်သည့် ပို့ကုန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်း ပါဝင်မှုစစ်ဆေးခြင်း၊ အဆိပ်ဖြစ်သတ္တု ပါဝင်မှုစစ်ဆေးခြင်း၊ မှိုအဆိပ် ပါဝင်မှု စစ်ဆေးခြင်းတို့ကို ထွက်ကုန်အလိုက် သတ်မှတ်ချက်ထက် ကျော်လွန်မှုမရှိစေရန် ဓါတ်ခွဲစမ်းသပ် အဖြေထုတ် ထောက်ခံပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အရည်အသွေးပြည့်ဝသည့် ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန် သီးနှံများ ထုတ်လုပ်နိုင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေထက် ကျယ်ပြန့်နေသည့်အတွက် လုပ်ငန်းအစီအမံများကို အဆင့်လိုက် မြှင့်တင်ဆောင်ရွက်သွားမှသာ ထိရောက်အောင်မြင်မည် ဖြစ်ပါကြောင်း။

လက်ရှိ ဒေသတွင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံ နှိုင်းယှဉ်ပါက ကွာဟချက် ရှိနေဆဲ ဖြစ်ပါကြောင်း၊ သို့သော် ဝန်ကြီးဌာနအနေဖြင့် ရှိရင်းစွဲ အရင်းအမြစ်များကို အသုံးချပြီး အရည်အသွေးပြည့်ဝသည့် ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေးအတွက်  စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ ဟန်ချက်ညီဖြစ်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုသုံးသပ်ချက်၊ ဆွေးနွေးချက်များနှင့်ပါ မှတ်သားလေ့လာပြီး ပေါင်းစပ်ညှိနှိုင်း အလေးနက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အဆိုအား မှတ်တမ်းတင်ထားရှိသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံမဲ ၁၇၂ မဲ၊ ကန့်ကွက်မဲ ၁၃၁ မဲနှင့် ကြားနေမဲ မရှိသဖြင့် ထောက်ခံမဲများသည့်အတွက် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။  
        
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  နဝမနေ့ကို မေ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)