ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

နေပြည်တော် ၈ မေ 
    

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတွင် ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး မြင့်ချိုအစား ဗိုလ်မှူးကြီး ဝင်းလွင်ဦးကို အစားထိုးလဲလှယ် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
    

 

ယင်းနောက် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှ  ဒေါ်ဖြူဖြူသင်း၏ အမျိုသားမှတ်ပုံတင်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက် မှတ်တမ်းဖိုင်တွဲများအား လက်ရှိအသုံးပြုလျက်ရှိနေသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံး ပြောင်းလဲပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ဦးဆောင်ကြီးကြပ်မှုကော်မတီများနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့်   နည်းပညာများ ထောက်ပံ့ရယူပြီး Digital  Database တည်ထောင်ကာ Digital စနစ်နှင့် Smart Card ဆောင်ရွက်နိုင်ရန် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင့်တော်သည့် အချိန်များတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကို  ဦးစားပေးအလိုက် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း။
    

 

မိမိတို့တွင်ရှိသည့် ဖိုင်တွဲများနှင့် အထောက်အထား စာရွက်စာတမ်းများကို ယခင်ကတည်းက စက္ကူများဖြင့်  မှတ်တမ်းမှတ်ရာများ ထားရှိသည့်အတွက် ပျက်စီး ဆုံးရှုံးမှုများ၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားပါကြောင်း၊ ထို့ကြောင့် စီမံချက်ရေးဆွဲချမှတ်ပြီး Digital စနစ် ပြောင်းလဲရန်အတွက် စီမံချက်ရေးဆွဲပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ နည်းပညာနှင့် ငွေကြေးလိုအပ်ခြင်းကြောင့် ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်တွင် တောင်းခံ၍  မှတ်တမ်းမှတ်ရာများကို  Digital စနစ်သို့ ပြောင်းလဲနိုင်ရေး ဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

သရက် မဲဆန္ဒနယ်မှ ဦးကံမြင့်၏ သရက်မြို့နယ် အဆုံးရှိ ဆင်ကော်ကျေးရွာအုပ်စု၊ ဆင်ကော်ရဲစခန်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်အင်္ဂါနှင့် ညီညွတ်မှုမရှိခြင်း၊ လုံခြုံမှုမရှိခြင်းများကြောင့် အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဆင်ကော်နယ်မြေရဲစခန်းအတွက် ပြုပြင်ရန်လိုအပ်သည့် လုံးချင်းအဆောက်အဦ ၁ လုံးအား ပြန်လည်ပြုပြင်ရန်အတွက် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေမှ ပြင်ဆင်သွားမည်ဖြစ်ပါကြောင်းနှင့် နယ်မြေရဲစခန်းရုံး (အချုပ်ပါ) ၁ ထပ် ၁ လုံး၊ ၆ ခန်းတွဲ ၂ ထပ် ၁ လုံးတို့အား ဆောက်လုပ်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေမှ ရရှိနိုင်ရေး တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၊ တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ မိုင်ခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်နှင့် ဖလမ်းမဲ ဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီယန်းဗဲလ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး  ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူတို့က ရှင်းလင်းဖြေကြားကြသည်။

 


ထို့နောက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက နိုင်ငံ၏အမျိုးသား စီးပွားဖွံ့ဖြိုးတိုးတက်စေရန် တောင်သူဗဟိုပြု စိုက်ပျိုးရေးနှင့် အသားငါးထုတ်လုပ်ရေး ကဏ္ဍကို နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရ သို့တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြနေခြင်း ရပ်တန့်စေရန်နှင့် အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်ရန်  လိုအပ်နေပြီဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် မြေသယံဇာတ၊ ရေသယံဇာတ၊ လုပ်သားသယံဇာတ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း။

 

ရေ၊ မြေနှင့် လုပ်သားသယံဇာတများကို အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကို အချိန်နှင့် တပြေးညီ ခံစားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းသယံဇာတ (၃)ရပ်ကို အခြေပြုပြိီး စိုက်ပျိုးရေးနှင့် သားငါးထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတော်၏ အဓိက ပြည်တွင်းထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးကို အခြေပြုရမည်ဖြစ်ပါကြောင်း။

 


အသား၊ ငါးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အသားထုတ်လုပ်နိုင်မှုအတွက် မြန်မာနိုင်ငံတွင် ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ကြက်၊ ဘဲ၊ ငါး၊ ဝက် စသည်တို့သည် နိုင်ငံ၏ ပြည်နယ်တိုင်း နေရာတိုင်းတွင် မွေးမြူဖြစ်ထွန်းနိုင်ပါကြောင်း၊ ယင်းတိရစ္ဆာန်များ ကြီးထွားရှင်သန်ပြီး အောင်မြင်ဖြစ်ထွန်းရန်အတွက် အဓိကလိုအပ်သည့် စားကျက်နှင့် ကောက်ရိုး၊ အခြားအစားအစာများကလည်း မိမိတို့တိုင်းပြည်တွင် အဆင်သင့် ဖြစ်ပါကြောင်း၊ ရာသီမရွေး ပေါက်ရောက်သည့် မြက်များကို စားသုံးစေခြင်းဖြင့် မွေးမြူရေးတွင် အဆင်ပြေမှုရှိသည့်အပြင် စားကျက်များသည်လည်း တိုင်းပြည်အတွက် အဓိက လိုအပ်နေပါကြောင်း၊ တိုင်းပြည်အတွက် အဓိက အထောက်အကူဖြစ်သည့် စားကျက်များကို ယခုအချိန်တွင် သီးခြားထားရှိရန် လိုအပ်မည်ဟု မြင်ပါကြောင်း။

 


ထို့အပြင် ကျွဲနှင့်နွားများသည် လယ်ယာကုန်ထုတ် လုပ်ငန်းများကို အခြေပြု လုပ်ကိုင်သည့် ကာလအတွင်းတွင် နိုင်ငံတော်၏ ရေမြေ အနေအထားအရ နေရာဒေသများတွင် မရှိမဖြစ်လိုအပ်နေသည့် လယ်ယာ ကုန်ထုတ်ကိရိယာများ ဖြစ်ပါကြောင်း၊ ငါးမွေးမြူ ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အနေဖြင့် အရည်အသွေးမြင့်မားပြီး ဈေးကွက်ဝင် မျိုးကောင်း မျိုးသန့်များရရှိရေးအတွက် တစ်ဖက်မှ ဆောင်ရွက်ပြီး ဈေးကွက်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့်  ထိုးဖောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးပါက နိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် များစွာထိရောက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံကုန်သွယ်မှုကို မရပ်တန့်စေဘဲ ကုန်သွယ်မှု မြင့်မားလာအောင် ၇၀ ရာခိုင်နှုန်းသော ကျေးလက်တွင် နေသည့် ပြည်သူများ၏ စီးပွားရေးဘဝ၊ လူမှုရေးဘဝ မြင့်တက်လာရန်အတွက် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်ဖက်က ရရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ ကြည့်မြင်တိုင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။  

 

 
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

 

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အစီရင်ခံစာတင်သွင်းသည်။
    

 

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မေ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


အေးအေးသန့်(သတင်းစဉ်)