ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ

နေပြည်တော် ၂၄ မေ 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်၏ ပညာရေးဝန်ကြီးဌာနပိုင် ကျောင်းမြေနေရာများတွင် အဆောက်အဦနှင့် ဆိုင်ခန်း ဆောက်လုပ်ထားပြီး ငှားရမ်းခ ရယူထားသော ငွေကြေးများအပေါ် မည်သို့ စီမံခန့်ခွဲနေသည်နှင့် ကျောင်းများကို ကျောင်းအင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရန်အတွက် အဆိုပါလုပ်ငန်းများကို ဖျက်သိမ်းပြီး ပြန်လည်ရယူခြင်းကို ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာနအနေဖြင့် ကျောင်းမြေနေရာများတွင် ယခင်က ငှားရမ်းသည့်  လုပ်ငန်းများ ရှိပါက ထိုလုပ်ငန်းမှ ရရှိသည့် ငွေကြေးအား ကျောင်းများမှ အသုံးပြုခွင့် ပေးမထားဘဲ ရငွေများအားလုံးကို နိုင်ငံတော်ဘဏ္ဍာသို့ အားလုံးပေးသွင်းရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခင်ငှားရမ်း ထားသည့် လုပ်ငန်းများအားလုံးကို စာချုပ်သက်တမ်းစေ့ပါက စာချုပ်သက်တမ်း အသစ်တိုး ပေးခြင်း၊ စာချုပ်သက်တမ်း ထပ်မံပြင်ဆင်ခြင်း၊ စာချုပ် အသစ်ချုပ်ဆိုခြင်း များကို လုံးဝခွင့်မပြုတော့ဘဲ သက်တမ်းပြည့်သည့်နှင့် ဆက်လက် ငှားရမ်းခြင်း မပြုရန် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ထားသော်လည်း သက်တမ်းပြည့်၍ လက်ဝယ်ပြန်လည် မရရှိသေးသည့် မြေနေရာနှင့် အဆောက်အဦများကို ဌာနလက်ဝယ်ရရှိရေး အတွက် တရားစွဲဆိုခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် စီမံခန့်ခွဲမှုနည်းလမ်းများအရ ညှိနှိုင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။


စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ တရားမဝင် ကျောက်စိမ်းခိုးထုတ် သယ်ယူမှုများမှ ဖမ်းဆီးရမိသော ကျောက်စိမ်းရတနာများအား မည်ကဲ့သို့ ထိန်းသိမ်းထားပြီး စီမံခန့်ခွဲသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံအနှံ့အပြားရှိ တပ်ရင်းတပ်ဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ဖမ်းဆီးရမိ အပ်နှံသည့် ကျောက်စိမ်းရိုင်းများကို  နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ၅ ဧက အကျယ်ခြံဝန်းရှိ သိုလှောင်ရုံ (၁) (၂) တွင် လည်းကောင်း၊ နေပြည်တော် ကျောက်မျက်ရတနာ ပြတိုက်ရှိ မီးလုံအာမခံခန်းတို့တွင်လည်းကောင်း သက်ဆိုင်ရာ အမှုတွဲအလိုက် သီးခြားစီ ထုပ်ပိုးထိန်းသိမ်းထား ရှိပါကြောင်း။


ဖမ်းဆီးရမိ ကျောက်စိမ်းရိုင်းများကို အမှုစီရင်စဉ် ခေတ္တအပ်နှံခြင်းအတွက် ယာယီ လက်ခံသိမ်းဆည်းခြင်းနှင့် အမှုပြီးပြတ်၍ နိုင်ငံပိုင်ပြည်သူ့ ဘဏ္ဍာအဖြစ် အပ်နှံခြင်းအတွက် အပြီးသတ် သိမ်းဆည်းခြင်းဟူ၍ ဆောင်ရွက်နည်း ၂ မျိုးဖြင့် လက်ခံထိန်းသိမ်း ထားရှိပါကြောင်း၊ ထိန်းသိမ်းထားရှိသော ကျောက်စိမ်းရိုင်းများအနက် အမှုပြီးပြတ်ပြီး နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော ကျောက်စိမ်းရိုင်းများကို အရွယ်အစား၊ အလေးချိန်၊ အရည်အသွေး၊ အမျိုးအစားအပေါ် မူတည်၍ တူညီရာများ စုစည်းအတွဲ ဖွဲ့ကာ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုင်ငံခြားငွေ၊ မြန်မာကျပ်ငွေဖြင့် ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် တင်ပြရောင်းချလျက် ရောင်းချရငွေအား နိုင်ငံတော် ဘဏ္ဍာသို့ ပေးသွင်းခြင်းဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ဖမ်းဆီးရမိအပ်နှံသော ကျောက်မျက်ရတနာအချောထည်နှင့်  လက်ဝတ်ရတနာ ပစ္စည်းများအနက် အကြမ်းထည်များပါရှိပါက မိမိဌာန အချောထည်စက်ရုံတွင် ပုံကြမ်း လောင်းခြင်း၊ အချောကိုင်ခြင်းနှင့် အရောင်တင်ခြင်းများ ဆောင်ရွက်၍ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ကျောက်မျက်ရတနာပြတိုက်တွင်ရှိသော မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အရောင်းဆိုင်များတွင် လာရောက်ကြည့်ရှုသူ အများပြည်သူနှင့် နိုင်ငံခြားသားများအား ရောင်းချပေးလျက်ရှိသည့်အပြင် ကျောက်မျက်ရတနာ ပြပွဲတွင်လည်း ပြပွဲတစ်ပွဲ၌ အတွဲအရေအတွက် ၂၀ မှ ၅၀ အထိ အတွဲဖွဲ့ တင်ပြရောင်းချလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ ရသေ့တောင်မြို့နယ်၊ ရေမျက် အခြေခံပညာ အလယ်တန်းကျောင်းအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ ရာထူးပြောင်းလဲမှုကြောင့် လစာလျော့နည်းသွားသည့် ဆရာ၊ ဆရာမများ မနစ်နာရေးအတွက် ဆောင်ရွက်ပေးရန် တို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက ရှင်းလင်းဖြေကြားသည်။


ထို့နောက် အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၏ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ လွှဲပြောင်းပေးအပ်ခဲ့သော CSR ရန်ပုံငွေအား မော်လူးရတနာမြေဒေသခံများထံ မည်သည့်နေ့ရက်တွင် ပေးအပ်မည်၊ လွှဲပြောင်းပေးအပ်ခဲ့သည့် CSR ရန်ပုံငွေ၏ (အရင်း၊ ဘဏ်တိုး) ပမာဏနှင့် ရန်ပုံငွေပေးအပ်ရန် ကြန့်ကြာနေခြင်းအတွက် တွေ့ကြုံနေရသည့် အခက်အခဲများကို မဲဆန္ဒရှင်များထံ ပွင့်လင်းမြင်သာစွာ ရှင်းပြပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ Fortuna metals limited မှ အဆိုပြု လျှောက်ထားသော လုပ်ကွက်(၁)မှ ၁၅၂၄၇၇ ဒသမ ၁၉၁ ဧကနှင့် လုပ်ကွက်(၂)မှ ၁၅၂၁၈၉ ဒသမ ၂၃၉ ဧကအား ခွင့်ပြုမိန့် ရရှိရေးဆောင်ရွက်ပေးနေမှုကို သိလိုခြင်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေကြားသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပညာရေးဝန်ကြီးဌာနမှ တင်သွင်းသည့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းသည့်ကိုယ်စားလှယ် တစ်ဦးမျှ မရှိသောကြောင့် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း  ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ယင်းနောက်  ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အဖိုးတန်ကျွန်းသစ်နှင့် ဈေးကွက်ဝင်သစ်မာများ ထွက်ရှိရာဒေသများ၌ အစိုးရ၏ အစီအစဉ်ဖြင့် သစ်အချောထည်စက်ရုံများ တည်ဆောက်ပေးနိုင်ရေး လိုအပ်သော နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးပေးမည့် အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံအဝန်း သင့်လျော်သည့် ဒေသများ၌ သစ်အချောထည်စက်ရုံများ တည်ထောင်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားများ ကိုယ်တိုင် သစ်တောသယံဇာတစီမံခွဲဝေသုံးစွဲမှု အကျိုးဖြစ်ထွန်းလာမည့် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာစေရေး၊ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်စိုက်ပျိုးခြင်းအပေါ် စိတ်ပါဝင်စားလာကာ သစ်တောကို အမှီပြုနေထိုင်ကြသော ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်းသားများ၏ သစ်တောစီမံ အုပ်ချုပ်မှုဆိုင်ရာ အသိပညာများတိုးပွားပြီး ရပိုင်ခွင့်နှင့် အခွင့်လမ်းများ ပိုမိုရရှိလာနိုင်စေရန်၊ ကမ္ဘာ့အဆင့် ရောင်းတန်းဝင်  မြန်မာကျွန်းသစ်နှင့် အခြားဈေးကွက်ဝင် သစ်မာများ ကုန်ကြမ်းအဖြစ် သစ်အလုံးလိုက် တင်ပို့ခြင်းမှ ရပ်ဆိုင်းပြီး ကုန်ချောသစ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ခြင်းကြောင့် သစ်ကို အခြေခံသည့် ပြည်ပပို့ကုန်တန်ဖိုး မြှင့်တင်ရာမှတစ်ဆင့် နိုင်ငံတော်မှ ပြည်ပဝင်ငွေ အခွင့်အလမ်း ပိုမိုးတိုးတက်လာစေရန် တို့ဖြစ်ပြီး၊ သင်လျော်သည့် ဒေသများအလိုက် သစ်အချောထည် စက်ရုံများ ပေါ်ပေါက်လာခြင်းဖြင့် ဒေသတွင်း အလုပ်လက်မဲ့ အခြေခံလူတန်းစားများ သစ်အချောထည် စက်ရုံများမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်၊ နိုင်ငံအဝန်းရှိ ပြည်သူများ၏ သစ်အခြေခံ လိုအပ်ချက်များကို တရားမဝင် ရောင်းဝယ်ဖောက်ကားရခြင်းမှ လွတ်ကင်းပြီး သစ်အချောထည် စက်ရုံများ ပေါ်ပေါက်လာခြင်းအားဖြင့် တရားဝင် အရောင်းအဝယ် ပြုလုပ်နိုင်ခြင်းနှင့် တရားမဝင် သစ်အရောင်းအဝယ် ပြုလုပ်ခြင်းများမှ တားဆီးကာကွယ်နိုင်ရန်၊ နိုင်ငံအတွက် အဖိုးတန်ကျွန်းသစ်နှင့် သစ်မာများ ခုတ်ယူထုတ်လုပ်ရာတွင် ခက်ခဲသည့် ဒေသများ၌ နှစ်စဉ်လေ့လွင့်လျက်ရှိသော ကိုင်းအဖျားများနှင့် သစ်အလေအလွင့် ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိစွာ အသုံးပြုနိုင်ပြီးအဖိုးတန်သစ်များ လေလွင့်ဆုံးရှုံးခြင်းမှ ကာကွယ်ရန် စသည့်တို့ကြောင့်  အဆိုအား တင်သွင်းရ ခြင်းဖြစ်ပါကြောင်း  ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ထီးလင်း မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။    


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်တင်သွင်းသည့်  ပေးအပ်သော ဘွဲ့နှင့်လျော်ညီသော ပညာအရည်အသွေး သင်ပေးနိုင်စေရန်အတွက် အဆင့်မြင့် ပညာသင် တက္ကသိုလ်၊ ကောလိပ်များတွင် စာတွေ့၊ လက်တွေ့ မျှတစေရန် သင်ထောက်ကူ ပစ္စည်းများဖြည့်ခြင်း၊ လက်တွေ့ဆောင်ရွက်ခိုင်းမှုများ၊ ကွင်းဆင်း လေ့လာမှုများ၊ စာတမ်းတင်ခိုင်းမှုများ ပြုလုပ်၍ အဆင့်မြင့် ပညာမြှင့်တင်မှုကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးကြသည်။


တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်မိုးက မြန်မာနိုင်ငံသည် နည်းပညာတ က္ကသိုလ်တစ်ခုတွင် စာတွေ့ ၇၀ နှင့် လက်တွေ့ ၃၀ ရာခိုင်နှုန်း ရှိပါကြောင်း၊  ၁ နှစ်ခြား ၁ ကြိမ်စီနှင့် ၃ ကြိမ် Field Trip သွားရပါကြောင်း၊ ကျောင်းသားများသည်  Field တွင် လက်တွေ့လုပ်ခွင့်ရရန် ဖြစ်ပါကြောင်း၊ သင်တန်းနှစ်အလိုက် ၁ ပတ်၊ ၁၀ ရက်၊ ၂ ပတ်ဖြင့် လက်တွေ့လုပ်ခွင့် စီစဉ်ပေးစေလိုကြပါကြောင်း၊ လက်ရှိတွင် နောက်ဆုံးနှစ်ရောက်မှသာ လက်တွေ့အလုပ်သင် ၂ လဆင်းခွင့်ရသည်ဟု သိရပါကြောင်း၊ နည်းပညာတက္ကသိုလ် အချို့တွင် ကိုးကားစာရင်း သင်ထောက်ကူ ပစ္စည်းနှင့် လက်တွေ့လုပ်ရသည်မှာ မလုံလောက်ခြင်းနှင့် ခေတ်မမီခြင်းများ ရှိကြောင်း ကို မှတ်ချက်ပြုကြပါကြောင်း။


အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် သတ်မှတ်ထားသည့် ကဏ္ဍ ၉ ခုထဲတွင် အဆင့်မြင့်ကဏ္ဍ၌ ကမ္ဘာ့အဆင့်မီ ပညာရေး ဆည်းပူးခွင့်ရရှိစေမည်ဟု ဖော်ပြထားသည့်အတွက် တက္ကသိုလ်များတွင် ကမ္ဘာ့တက္ကသိုလ်များနည်းတူ ဆောင်ရွက်နိုင်ရန် ရည်မှန်းထားရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ ဘတ်ဂျက်အခြေအနေ၊ ဆရာနှင့် ကျောင်းသားများ၏ အခြေအနေပေါ် မူတည်ပြီး သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုးကားစာအုပ်နှင့် စာကြည့်တိုက်များ အပါအဝင် သင်ထောက်ကူများအတွက် ဘဏ္ဍာငွေခွဲဝေလျာထားမှု၊ စာမေးပွဲစနစ်၊ စာတွေ့နှင့် လက်တွေ့ ပါဝင်မှုရာခိုင်နှုန်း၊ သင်တန်းနှစ် အောင်ရှုံးဆုံးဖြတ်ရာတွင် စာတမ်းရမှတ်ကို ရာခိုင်နှုန်းတိုးမြှင့်ရန် သင့်၊ မသင့်၊ လက်တွေ့လေ့ကျင့်ခန်းများကို လက်တွေ့ခန်းမှာသာမက လုပ်ငန်းခွင်များတွင် ကွင်းဆင်းလုပ်ဆောင်နိုင်ရန်တို့ကို အောက်ခြေမှစ၍ အားလုံးပါဝင်ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ ဆန်းစစ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ကာသင့်တော်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။


ဆက်လက်၍ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးနှင့် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင် တို့က ဆွေးနွေးကြသည်။


အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး  မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) အရ အဆင့်မြင့်ပညာကဏ္ဍ၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊  အဆင့်မြင့်ပညာကဏ္ဍ အနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့အစည်း၊ စီးပွားရေးကဏ္ဍ၊  စက်မှုလုပ်ငန်း စသည်တို့တွင် လိုအပ်လျက်ရှိသော အရည်အချင်းပြည့်မီသည့် လူစွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိသည်နှင့်အညီ မဟာဗျူဟာ ၃ ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာနှစ်တွင် အဆင့်မြင့်ပညာရေး၏ ဆက်စပ်ဆီလျော်မှုနှင့် အရည်အသွေးမြင့်မားလာအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။


မဟာဗျူဟာနှစ်၏ လုပ်ငန်းအစီအစဉ် ၃ တွင်  အဆင့်မြင့် ပညာကျောင်းများရှိ အထောက်အပံ့ အသုံးအဆောင်ပစ္စည်း (သင်ထောက်ကူပစ္စည်း၊ လက်တွေ့ပစ္စည်း) များကို အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းအစီအစဉ် (၄) အီလက်ထရောနစ် သင်ယူမှုဗဟိုဌာနများ၏ အဆင့်အတန်းကို မြှင့်တင်ခြင်း၊ လုပ်ငန်းအစီအစဉ် (၆) အဆင့်မြင့် ပညာကဏ္ဍမှ ဆရာများနှင့် ဓာတ်ခွဲစမ်းသပ်ခန်း ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်းတို့ကို မဟာဗျူဟာပါ လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ပေးခဲ့ပါကြောင်း။


ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များတွင် ဘာသာရပ်၏ သဘောသဘာဝအလျောက် စာတွေ့လက်တွေ့ သင်ကြားမှု ကွာခြားမှုများရှိပါကြောင်း၊ ဥပမာအားဖြင့် ပထဝီဝင်၊ Environmental Studies၊ ရှေးဟောင်းသုတေသနပညာ၊ ဘူမိဗေဒဘာသာရပ် များသည် သင်ရိုးညွှန်းတမ်း လိုအပ်ချက်အရ မဖြစ်မနေ ကွင်းဆင်းလေ့လာရေး ဆောင်ရွက်ရပါကြောင်း၊  သမိုင်း၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ မနုဿဗေဒ ဘာသာရပ်များသည် ကွင်းဆင်းလိုပါက ကွင်းဆင်းလေ့လာမှု ရှိပါကြောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဒဿနိကဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ နိုင်ငံရေးသိပ္ပံပညာ၊ သင်္ချာဘာသာရပ်များသည် စာတွေ့သက်သက်သာဖြစ်သော်လည်း သက်ဆိုင်ရာ ဌာနမှူး အစီအစဉ်ဖြင့် ဘာသာရပ် အထောက်အကူပြု ကွင်းဆင်းလေ့လာရေးများကို အခါအားလျော်စွာ စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းရပ်များ အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေတို၊ ရေရှည်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ဆဲရှိသော လုပ်ငန်းများဖြစ်သောကြောင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးပါရန် ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုအား မှတ်တမ်းတင်စောင့်ကြည့်ပေးပါရန် ပြောကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က မှတ်တမ်း စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို မေ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်(သတင်းစဉ်)