ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

နေပြည်တော် ၂ မေ 
    

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

ဆော့လော်မဲဆန္ဒနယ်မှ ဦးလာမာလေး၏ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ လန်ဆယ်ရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ တည်ဆောက်ခဲ့သော ရေတားတမံမှာ တည်ဆောက်ပြီးစီးပြီး (၈)လကျော်ခန့်အကြာ၌ ပျက်စီးနေပါသဖြင့် တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့် ရေတားတမံပြီးစီးကြောင်း အရည်အသွေး စစ်ဆေးခဲ့သည့် ကော်မတီအဖွဲ့ဝင်များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန် စွာအရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာတွင် လန်ဆယ်ရေတားတမံ ၂၇၅ ပေမှာ ရေတိုက်စားမှုကြောင့် ချောင်းကြမ်းပြင်နိမ့်ဆင်းပြီး ရေထိန်းနံရံအောက်ခြေ ရေတိုက်စား၍ ရေငွေ့ရိုက်ခြင်း၊ ရေဝပ်ခြင်းတို့ကြောင့် ကွန်ကရစ်သား မျက်နှာပြင် ပေ ၂၀ ပတ်လည်အရွယ် သုံးနေရာခန့် ကွဲအက်မှုဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ဆောင်ရွက်ပြီးသည့် အခြေအနေများကို ပြန်လည်သုံးသပ်ရာတွင် ပျက်စီးခဲ့သည့် လုပ်ငန်းများသည် အရည်အသွေးညံ့ဖျင်းမှု၊ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် လုပ်ငန်းပျက်စီးခဲ့ရခြင်း မဟုတ်ဘဲ မလွန်ဆန်နိုင်သော ဖြစ်ရပ်ဖြစ်သည့် သဘာဝဘေးဒဏ်ကြောင့် ချောင်းရေကြီးပြီး ရေတိုက်စားသဖြင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသော်လည်း ရေကြီးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည်ကို တွေ့ရှိရပါကြောင်း။

 


လုပ်ငန်းဆောင်ရွက်မှု အပေါ်တွင်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်းထားသော မြို့နယ်အရည်အသွေး စိစစ်ရေးအဖွဲ့များမှ ကြပ်မတ်စစ်ဆေးခဲ့ပြီး လုပ်ငန်း ၁၀ဝ ရာခိုင်နှုန်းပြီးစီးချိန်တွင် ကျေနပ်လက်ခံနိုင်သည့် လုပ်ငန်းဖြစ်ကာ ဒေသခံပြည်သူလူထုကိုလည်း လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီသည် ပျက်စီးယိုယွင်းမှု ဖြစ်ပေါ်လာချိန်တွင် တာဝန်ရှောင်လွှဲမှုမရှိဘဲ စာချုပ်စာတမ်းပါ စည်းကမ်းများနှင့်အညီ နိုင်ငံတော်မှ ခွင့်ပြုပေးသည့် ရန်ပုံငွေဖြင့် ကုမ္ပဏီမှ ငွေကြေးစိုက်ထုတ်ပူးပေါင်း၍ လုပ်ငန်းများကို အကောင်းဆုံး အရည်အသွေးရရှိစေရန်အတွက် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ အရည်အသွေးစစ်ဆေးရေး ကော်မတီအနေဖြင့်လည်း သတ်မှတ်ထားသည့် စံချိန်စံညွန်းနှင့်အညီ လုပ်ငန်းအရည်အသွေးကို သတ်မှတ်ချက်အတိုင်း စစ်ဆေးခဲ့ခြင်းတို့ကြောင့် အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်သွားရန် အစီအစဉ်မရှိပါကြောင်းနှင့် စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကုမ္ပဏီမှ တာဝန်ယူရမည့် တည်ဆောက်ရေးကာလ အာမခံချက်ဖြစ်သည့် ၃ နှစ်တာကာလအတွင်း ထပ်မံပျက်စီးပါက လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှ တာဝန်ယူပြင်ဆင်ပေးရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးနှင့် မိုးကောင်း- ကာမိုင်း- ဖားကန့်လမ်းတို့တွင် ပါဝင်သော မိုးကောင်းနယ် အတွင်းရှိ လမ်းပိုင်းများအား မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ကို  သိလိုခြင်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မိုးကောင်း- ကာမိုင်း- ဖားကန့်လမ်းအပိုင်းသည် လောလောဆယ်တွင် ၁၉ ဒသမ ၃ ကီလိုမီတာအထိ ကျောက်ချောလမ်းအဆင့်သာ ရှိပါကြောင်း၊ အဆိုပါ လမ်းပိုင်း မျက်နှာပြင်များ ချောမွေ့စေရေးအတွက် ၉ ဒသမ ၅ ကီလိုမီတာ အရှည်အတွင်းတွင် ၈၅၀ဝ စတုရန်းမီတာ လမ်းပေါက်ဖာထေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် လည်းကောင်း၊ ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
    

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၉ ဒသမ ၅ ကီလိုမီတာမှ ၁၉ ဒသမ ၃ ကီလိုမီတာအတွင်း ၅၆၀ဝ စတုရန်းမီတာအား လမ်းပေါက်ဖာခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
    

 

ဆက်လက်၍ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းနှင့် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားကြသည်။
    

 

ထို့နောက် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က မြန်မာနိုင်ငံရှိ ဘိန်းအများဆုံးစိုက်ပျိုးရာ ဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်အတွက်အစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိ်ုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။

 


ဆက်လက်၍ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်က အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     
    

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
    

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

 

ယင်းနောက် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်တွင်း စက်မှု၊ လက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုးအစား တစ်ခုအဖြစ်ပါဝင်နိုင်စေရေးနှင့် လိုအပ်သော ငွေကြေး နည်းပညာ အထောက်အပံ့များ ရရှိစေရေး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။

 


ဆက်လက်၍ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     
    

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
    

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းကို တင်သွင်းပြီးအဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းသည်။

 


ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


အေးအေးသန့်(သတင်းစဉ်)