ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော် ၂၉ ဧပြီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

111nn

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရှေ့မှောက်၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုအစည်းအဝေးကာလအတွင်း ဆွေးနွေး ဆောင်ရွက်ကြရမည့် ဥပဒေကြမ်း (၁၄) ခုရှိပါကြောင်း၊ အသင့်ဖြစ်အဆို (၁၆)ခု၊ အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း (၂၃၇) ခုရှိပါကြောင်း၊ မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများကို ဝန်ကြီးဌာနများ၏ အခြေအနေနှင့် ရရှိသည့် အချိန်အခါပေါ်မူတည်ပြီး နေ့စဉ်အစည်းအဝေး အစီအစဉ်များတွင် ထည့်သွင်းသွားမည်ဖြစ်သည်ကို အသိပေးတင်ပြလိုပါကြောင်း။

 

မိမိတို့လွှတ်တော် လုပ်ငန်းစဉ်များသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြရသည် ဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို မြှင့်တင်နိုင်ရန်အတွက် ဥပဒေများအခိုင်အမာ ပြဋ္ဌာန်းနိုင်ရန် အထူးလိုအပ်ပါကြောင်း၊ လွှတ်တော်များ ခိုင်မာအားကောင်းပြီး ပြည်သူက ပိုမိုအားကိုးလာရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် ဥပဒေပြုရေး တာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့ကိုယ်စားပြုသည့် ဥပဒေပြုရေးမဏ္ဍိုင်၏ တာဝန်သည် ကြီးမားပြီး စနစ်တကျ ချင့်ချိန်၊ စဉ်းစား၊ ဝေဖန်၊ သုံးသပ် ဆောင်ရွက်နိုင်ကြမှသာ မှန်ကန်သည့်ဆုံးဖြတ်ချက်များနှင့် ရလာဒ်ကောင်းများ ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စံနမူနာပြ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

 

မိမိတို့သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို တတ်နိုင်သမျှ စိစစ်ထိန်းညှိပြီး ဒီမိုကရေစီ စံနှုန်းများနှင့်ကိုက်ညီသည့် လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် အားကိုးအားထားပြုရသည့် လွှတ်တော်ဖြစ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဒီမိုကရေစီ‌ရေး၊ တန်းတူရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးတို့သည် အထူးပင် အရေးကြီးလှပါကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့် ဆွေးနွေးဖြေရှင်းနိုင်ရန်အတွက် ယုံကြည်မှု တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကူညီပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များပီပီ စိတ်ရင်းစေတနာမှန်နှင့် ပြည်သူများ၏ လိုလားချက်များကို ကြိုးပမ်းထမ်းဆောင်ကြရန် ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးစံရွှေဝင်း၏ ၂၀၁၉ ခုနှစ် မတ် ၁၇ မှ ၂၀ ရက်အထိ နီပေါလ်နိ်ုင်ငံ အမျိုးသားကျန်းမာရေး အာမခံစနစ် ကျင့်သုံးနေမှုများအား လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊ သာကေတ မဲဆန္ဒနယ်မှ ဒေါက်တာဦးဝေဖြိုးအောင်၏ ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ Strengthening Legal Frameworks to Protect Children from Sexual Exploitation in Travel and Tourism ဒုတိယအကြိမ် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ ၂၀၁၉ ခုနှစ် မတ် ၂၃ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံ (၅)ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံနှင့် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်တို့၏ ၂၀၁၉ ခုနှစ် ဧပြီ ၆ ရက်မှ ၁၀ ရက်အထိ ကာတာနိုင်ငံ (၁၄၀)ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ) ဦးဇေယျာသော်၏ ၂၀၁၉ ခုနှစ် ဧပြီ ၁၅ ရက်မှ ၁၈ ရက်အထိ ဘယ်လ်ဂျီယံနိုင်ငံ European Union Visitors Programme- EUVP 2019 သို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်မြစေး ခေါင်းဆောင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၁၉ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၇ ရက်အထိ တောင်အာဖရိကနိုင်ငံ Western Cape  ပြည်နယ်လွှတ်တော်လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊ ကော့ကရိတ် မဲဆန္ဒနယ်မှ ဦးစိုးဌေးနှင့် ကမာရွတ် မဲဆန္ဒနယ်မှ ဦးကျော်မင်းတို့၏  ၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ နယ်သာလန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသွင်ကူးပြောင်းမှုများနှင့် ဖက်ဒရယ်နိုင်ငံများ၏ လုံခြုံရေးကဏ္ဍခေါင်းစဉ်ဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်း၏ ၂၀၁၉ ခုနှစ် ဧပြီ ၂၇ ရက်မှ ၂၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Guidelines of AIPA Engagement with Guest, Observe and Dialogue Partner ဆိုင်ရာ ယာယီလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပြင်ဦးလွင်  မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်နှင့် ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းတို့၏ ၂၀၁၉ ခုနှစ် ဧပြီ ၂၈ မှ မေ ၃ ရက်အထိ ပေါ်တူဂီနိုင်ငံ (၂၆)ကြိမ်မြောက် Harm Reduction International  Conference (HR 19) သို့လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။

            ထို့နောက် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့နယ်တွင် သူဌေးကုန်းမှ ရွှေညောင်ဖူး၊ ကျောက်ချပ် 33KV လျှပ်စစ်ဓာတ်အားလိုင်းကို ကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းရေး ကော်မတီဖွဲ့စည်း၍ တည်ဆောက်လျက်ရှိရာ ကော်မတီတွင် ပါဝင်ခဲ့သည့် ကျေးရွာအချို့အား NEP စီမံချက်အရ နိုင်ငံတော်အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်ခွင့်ရရှိခြင်းကြောင့် အဆိုပါ ဓာတ်အားလိုင်းအား နိုင်ငံတော်အစိုးရ၏ ဓာတ်အားလိုင်းအဖြစ် လွှဲပြောင်းတည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၃၃ ကေဗွီ ရွှေညောင်ဖူး ဓာတ်အားလိုင်း ၁၂ မိုင်ကို ကျေးရွာမီးလင်းရေးကော်မတီမှ မိမိတို့၏ ရန်ပုံငွေဖြင့် တည်ဆောက်မည်ဟုဆိုကာ ခွင့်ပြုချက်တောင်းခဲ့သောကြောင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပရေးရှင်းက လုပ်ထုံးလုပ်နည်းနှင့်အညီ တည်ဆောက်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ မီးလင်းရေးကော်မတီက ၉ ဒသမ ၅ မိုင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ကျန်ရှိသည့် ၂ ဒသမ ၅ မိုင်နှင့် ရွှေညောင်ဖူးခွဲရုံ ၃၃ / ၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ သဖန်းချောင်းဓာတ်အားလိုင်း ၁၆ မိုင် နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ သဖန်းချောင်း ဓာတ်အားခွဲရုံ ၁ ရုံ စုစုပေါင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၈ ဒသမ ၅ မိုင်တို့ကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ပေးခဲ့ပြီး သဖန်ချောင်း ဓာတ်အားခွဲရုံကို ၂၀၁၈ ခုနှစ် မေ မှစ၍ ဓာတ်အားလွှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ရွှေညောင်ဖူး ဓာတ်အားခွဲရုံသည် ဓာတ်အားလွှတ်ရန် အဆင့်သင့် အနေထား ဖြစ်သော်လည်း မေးခွန်းတွင်ပါရှိသည့် ကျေးရွာမီးလင်းရေးကော်မတီများနှင့် လုပ်ငန်းအပ်နှံထားသော ပုဂ္ဂလိက ကုမ္ပဏီတို့အကြားတွင် ပေးရန်ရှိသည့် ငွေစာရင်းများ ကျန်ရှိနေသောကြောင့် အဆိုပါ ကုမ္ပဏီက ကန့်ကွက်၍ ဓာတ်အားလွှတ်၍ မရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ မီးလင်းရေးဆောင်ရွက်ရန် သမဝါယမငွေစုငွေချေးလုပ်ငန်းမှ ချေးယူထားသည့် ကျေးရွာမီးလင်းရေး ကော်မတီများ၏ ပေးရန်တာဝန်ကို အဆိုပါ ဓာတ်အားလိုင်းအား အစိုးရက ဌာနပိုင်အဖြစ် လွှဲယူခြင်းဖြင့်  ပေးရန်ရှိသည့် ငွေကြေးတာဝန်ကိုပါ လွှဲယူရန် ကိစ္စသည် တည်ဆဲ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိပါကြောင်း၊ မီးလင်းရေးကော်မတီနှင့် ပုဂ္ဂလိက တည်ဆောက်ရေးကော် မတီတို့အကြားတွင်ရှိသည့် ငွေရေးကြေးရေးကိစ္စများကို ရှင်းလင်းပြီးနောက်ပိုင်းမှသာ အဆိုပါ ဓာတ်အားလိုင်းကို ဓာတ်အားလွှတ်နိုင်ပြီး ကတိခံဝန်ချက် ၁၂ ချက် အရ အဆိုပါ ဓာတ်အားလိုင်းကို ဌာနမှ လွှဲပြောင်းပြီးရေရှည်စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဘတ်ဂျက်စိုက်ထုတ်ပြီး တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ စပါး ၁ တင်းကို အနိမ့်ဆုံးဈေး (၅၀ဝ၀)ကျပ် နှုန်းအစား စားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးလည်း မနစ်နာစေဘဲ ထုတ်လုပ်သူ တောင်သူလယ်သမားများပါ တွက်ခြေကိုက်သော စပါးဈေးနှုန်းတစ်ရပ်ဖြစ်ပေါ်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စပါးအမျိုးအစားနှင့် အရည်အသွေးအပေါ် မူတည်ပြီးဈေးနှုန်းအပြောင်းအလဲ ရှိနိ်ုင်သော်လည်း စပါးအများဆုံး စိုက်ပျိုးထွက်ရှိသည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများတွင် အခြေခံဈေးနှုန်းထက်မြင့်သော ဈေးနှုန်းဖြင့် ရောင်းဝယ်မှုများတွေ့ရှိရပါကြောင်း။

 

အဆိုပါ အခြေခံစပါးဈေးနှုန်းကို ဈေးကွက်အနေအထား ပြောင်းလဲဖြစ်ပေါ်လာသည်နှင့်အညီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အဓိကရှေးရှုပြီး လိုအပ်သည့်အချိန်အခါတွင် လိုအပ်သည့် အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲသတ်မှတ်ရန်အတွက် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ နိုင်ငံတကာဆန်စပါးဈေးကွက်များ လေ့လာခြင်း၊ ဈေးနှုန်းအခြေအနေများ သုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပုဂ္ဂိုလ်များပါဝင်သည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး စောင့်ကြပ်ထိန်းသိမ်းလျက်ရှိပါကြောင်း။

 

ဆန်ကုန်သည်ကြီးများ၊ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များ၏ ရောင်းဝယ်ဖောက်ကားမှု ရှင်သန်နေစေရေး ဆန်ဈေးကွက်အလားအလာအရ ပြည်တွင်းဆန်စပါးဈေး အတက်အကျကို ထိန်းကျောင်းပြီး တောင်သူဦးကြီးများ၏ စီးပွားရေးဘဝ တိုးတက်လာစေရေးနှင့်  ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့များမှ  တာဝန်ရှိသူများက အမြဲလေ့လာဆန်းစစ် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စပါးအခြေခံ ဈေးနှုန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးထုတ်လုပ်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု စရိတ်အပေါ် အခြေပြုပြီးထုတ်လုပ်သူများနှင့် စားသုံးသူများ ထိုက်သင့်သည့် ဈေးနှုန်းနစ်နာမှု မရှိစေရေးအတွက် နှစ်စဉ်အခြေခံစပါးဈေးနှုန်းကို ကြပ်မတ်နိုင်ရေး စီစဉ်ထားရှိပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊  နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ကျိုက်လတ် မဲဆန္ဒနယ်မှ   ဦးရန်လင်းနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဦးလှကျော်တို့က ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းက  စိုက်ပျိုးရေးထွက်ကုန်သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းရရှိရေး ပြည်တွင်းပြည်ပဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများစာရင်းကို ပြည်သူများ သိရှိနိုင်ရန် ရာသီအလိုက်ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်းစွာ ချပြအသိပေးပါရန်နှင့် အရည်အသွေးပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေး အစိုးရနှင့်  ပြည်သူဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင်

မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်ပါကြောင်း၊ ထိုကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြရပါကြောင်း၊ တိုင်းပြည်အမှန်တကယ် ဖွံဖြိုးတိုးတက်ရန်ဆိုပါက စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြရသည့် တောင်သူဦးကြီးများ၏ ဘဝကို တိုးတက်မြင့်မားလာစေရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

တောင်သူများ၏ဘဝ တိုးတက်မြင့်မားလာရေးအတွက် လိုအပ်ချက်များစွာ ရှိသည့်အနက်မှ အစိုးရသစ်လက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြင့်ထုတ်ချေးပေးပါကြောင်း၊ မြေယာပြုပြင်ခြင်းများကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါကြောင်း၊ စက်ယန္တရားများကိုလည်း နှစ်ရှည်အရစ်ကျ ထုတ်ငှား၊ ရောင်းပေးပါကြောင်း။

 

နိုင်ငံ၏အဓိကထွက်ကုန်ဖြစ်သည့် စပါးဈေးနှုန်းကို အနည်းဆုံး ၁ တင်း ၅၀ဝ၀ ကျပ်နှုန်းဖြင့် အစိုးရသစ်လက်ထက်တွင် တောင်သူများအကျိုးကို ရှေးရှု၍ ကုန်ကျစရိတ်နှင့် တွက်ချေကိုက်သည့်အရင်းများ မဆုံးရှုံးစေရန် အနီးစပ်ဆုံးဈေးဖြင့် သတ်မှတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လယ်၊ ယာ၊ ကိုင်း စသည့် မည်သည့်မြေ အမျိုးအစားဖြစ်စေ စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူများအတွက် အရည်အသွေးပြည့်ဝသော ဈေးကွက်စိုက်ပျိုးရေး ထွက်ကုန်သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အစိုးရနှင့် ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စနစ်တကျစိုက်ပျိုးနိုင်ရေးကိုလည်း အစိုးရမှ ပံ့ပိုးကူညီ ဆောင်ရွက်သင့်ပါကြောင်း။

 

စိုက်ပျိုးရေး သီးနှံထွက်ကုန်များ သင့်တင့်မျှတသော ဈေးနှုန်းရရှိရန်၊  ပြည်တွင်းပြည်ပ ဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများ စာရင်းကို ပြည်သူများသိရှိနိုင်ရန် ရာသီအလိုက်ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်းစွာချပြ အသိပေးပါက ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများအကျိုးအမြတ် ပိုမိုရရှိနိုင်မည် ဖြစ်သကဲ့သို့ တိုင်းပြည်လည်း အမြန်ဆုံး တိုးတက်လာမည်ဖြစ်သဖြင့် ဤအဆိုအား ပြည်သူ့လွှတ်တော်မှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆွေးနွေးခွင့်ပြုပါရန် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို  လက်ခံရရှိကြောင်းနှင့်  ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မေ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)