ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

နေပြည်တော် ၃  မေ

           

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1

           

အစည်းအဝေးတွင် မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသများသို့ ဝန်ထမ်းများ စေလွှတ်သည့်အခါ ဆေးပင်စင်ယူခါနီး ဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား စေလွှတ်ခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနပြစ်ချက်ဖြင့် ဝန်ထမ်းများ စေလွှတ်ခြင်းတို့မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်ပေါ်နေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့  အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက နိုင်ငံတော်သမ္မတရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ သီးခြားဖြေကြားရန် မရှိပါကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့သည် နေပြည်တော်တွင်သာ ရုံးတည်ရှိ၍ ဖွံ့ဖြိုးရေး နောက်ကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသော ဒေသများ တွင် ရုံးခွဲများ ဖွင့်လှစ်ထားခြင်းမရှိပါသဖြင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ မရှိပါကြောင်း။

           

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ပြည့်အငြိမ်းစားယူရန်နီးစပ်သော အသက် ၅၇ နှစ် အထက်ရှိသူများနှင့် နာမကျန်းပင်စင်ယူခါနီးသူများကို အခြေချနေထိုင်လိုသော ဒေသများသို့ ပြောင်းရွှေ့ပေးခြင်း၊ အနေကြာကာလ ၂ နှစ်နှင့် အထက်သတ်မှတ်၍ အလှည့်ကျပြောင်းရွှေ့ခြင်းမူကို အခြေခံခြင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲသောဒေသများနှင့် နယ်စပ်ဒေသများသို့ ဝန်ထမ်း၏ တာဝန်ထမ်းဆောင်နိုင်မှုနှင့် ဝန်ထမ်းလိုအပ်ချက်တို့ကို အခြေခံ၍ ဒေသခံများကိုသာ ဦးစားပေး တာဝန်ချထားပေးခြင်းတို့ကို ဝန်ထမ်းရေးရာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖွံ့ဖြိုးမှုနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသသို့ ဝန်ထမ်းများအား စေလွှတ်ရာတွင် အလှည့်ကျစနစ် ဖြင့်လည်းကောင်း၊ ဒေသခံဝန်ထမ်းများ၊ မိသားစုအခက်အခဲရှိသော ဝန်ထမ်းများအား ဦးစားပေး ပြောင်းရွှေ့တာဝန်ပေးခြင်းဖြင့်လည်းကောင်း၊ အနေကြာဝန်ထမ်းများအား ပြောင်းရွှေ့တာဝန်ပေးခြင်းနှင့် ဖွဲ့စည်းပုံလစ်လပ်မှု အခြေအနေအပေါ် မူတည်၍ ရာထူးတိုးဝန်ထမ်းများအား ပြောင်းရွှေ့တာဝန်ချထားပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီးဝန်ထမ်းများ၊ ဌာနပြစ်ချက်ရှိသည့် ဝန်ထမ်းများကို စေလွှတ်ခြင်းများ မရှိပါကြောင်း။

 

1

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ စီမံခန့်ခွဲရေးအဆင့် ဝန်ထမ်းများအား ပြောင်းရွှေ့တာဝန်ချထားခြင်းနှင့် ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောဒေသ၊ အသင့်အတင့် ကောင်းမွန်သောဒေသ၊ ခက်ခဲသောဒေသဟူ၍  အုပ်စု ၃ စု သတ်မှတ်ပြီး ဒေသတစ်ခု၌ ၃ နှစ်ခန့် ကာလကြာမြင့်ချိန်တွင် အုပ်စု ၁ ခုမှ ၁ ခုသို့ ပြောင်းရွှေ့တာဝန်ချထားရေးမူကို ယေဘုယျအားဖြင့် သတ်မှတ်ဆောင်ရွက်ထားသော်လည်း အငြိမ်းစားယူကာနီး အသက် ၅၇ နှစ်ပြည့်ပြီး လျှောက်ထားသူများကို နေရာလစ်လပ် မှုရှိပါက ဝန်ထမ်းရေးရာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဦးစားပေးပြောင်းရွှေ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပြောင်းရွှေ့ရေး မူဝါဒများချမှတ်၍ သတ်မှတ်ကာလ တာဝန်ထမ်းဆောင်ပြီးပါက ကာယကံရှင် ဝန်ထမ်းဆန္ဒပြုသည့် လစ်လပ်နေရာများသို့ ပြောင်းရွှေ့ပေးခြင်း၊ လစ်လပ်နေရာမရှိပါက ယင်းဝန်ထမ်းဆန္ဒပြုသည့် ဦးစားပေးနေရာများအလိုက် သင့်လျော်သည့်အနီးဆုံးလစ် လပ်နေရာသို့ ပြောင်းရွှေ့ပေးခြင်းများကို ဝန်ကြီးဌာန၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကော်မတီဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

           

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ရေးရာဆိုင်ရာဦးစီးဌာနများအနေဖြင့် မြို့ကြီးပြကြီးဒေသ ၃ နှစ်၊ အလယ်အလတ်ဒေသ ၂ နှစ်နှင့် ဝေးလံခေါင်းပါးဒေသ (နိုင်ငံတော်အစိုးရသတ်မှတ်ဒေသ) ၁ နှစ်သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပင်စင်ခံစားမည့်ဝန်ထမ်းများအား ဝေးလံဒေသများသို့ တာဝန်ချထားခြင်းမရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ သီးခြားတာဝန်ပေးအပ်ပါက တစ်ဆင့်မြင့် ရာထူးတိုး၍ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ဒေသစရိတ်ခံစားခွင့်ဖြင့် တာဝန်ပေးအပ် ဆောင်ရွက်လျက်ရှိပါကြောင်း။

           

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရာထူးတိုး၊ အပြောင်းအရွှေ့များကို ရာထူးအဆင့်အလိုက် စိစစ်ဆောင်ရွက်လျက်ရှိပြီး မူလတန်းပြရာထူးများကို မြို့နယ်ပညာရေးမှူးရုံး မှလည်းကောင်း၊ အလယ်တန်းပြရာထူးများကို ခရိုင်ပညာရေးမှူးရုံးမှလည်းကောင်း၊  အထက်တန်းပြရာထူးများကို တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများမှလည်းကောင်း၊ အလယ်တန်းကျောင်းအုပ်နှင့်အထက် ရာထူးများကို အခြေခံပညာဦးစီးဌာန(ရုံးချုပ်) မှလည်းကောင်း၊ လုပ်သက်ရမှတ် တန်းစီဇယားဖြင့် ဆန္ဒပြုနေရာအပေါ် မူတည်၍ လစ် လပ်လျက်ရှိသော နေရာများသို့ ပြောင်းရွှေ့ခန့်ထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများခန့်ထားရာတွင် ဒေသခံများကို ဦးစားပေးခန့်ထားပါကြောင်းနှင့် ကာယကံရှင်ဝန်ထမ်းမှ ဆန္ဒပြုလျှောက်ထား ပါက ရာထူးနေရာလစ်လပ်မှုပေါ်မူတည်၍ ခန့်အပ်တာဝန်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

           

 ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးရေး နောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများသို့ လုပ်ရည်ကိုင်ရည်ရှိသူများ စည်းကမ်းကောင်းမွန်သူများ၊ အသက်ငယ်ရွယ်သူများနှင့် တစ်ဆင့်မြင့် ရာထူးတိုး မြှင့်ပေးရန် အလားအလာရှိသူများကိုသာ ရွေးချယ်စေလွှတ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသော ဒေသများသို့ ဆေးပင်စင်ယူခါနီး ဝန်ထမ်းများ၊ လုပ်သက်ပြည့် ပင်စင်ယူခါနီးဝန်ထမ်းများနှင့် ပြစ်ချက်ရှိသည့်ဝန်ထမ်းများကို ရွေးချယ်စေလွှတ်ခြင်းများ မရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  ဝန်ထမ်းများကို တာဝန်ချထားရာတွင်  ဒေသခံများကိုသာ ဦးစားပေးရွေး ချယ်ခန့်ထားခြင်း၊ ရာထူးတိုးတန်းစီဇယားအရ အလှည့်ကျသူများကို လစ်လပ်ရာထူး နေရာများသို့ တာဝန်ချထားပေးခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနပြစ်ချက်ရှိ ပါက ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနည်းဥပဒေများအရ ဆောင်ရွက်လျက်ရှိပါကြောင်း။

           

ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့က ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသများသို့ ဆေးပင်စင်ယူခါနီး ဝန်ထမ်းများ၊ လုပ်သက်ပြည့် ပင်စင်ယူခါနီးဝန်ထမ်းများ၊ ဌာန၏ပြစ်ချက်ရှိသည့် ဝန်ထမ်းများကို ပြောင်းရွှေ့မှုမရှိပါကြောင်း၊ ဌာနဆိုင်ရာအရေးယူရသည့် ဝန်ထမ်းများရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေအရသာ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားသည်။

 

ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏  ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခရိုင်တွင် နည်းပညာသက်မွေး ပညာရေးအခွင့်အလမ်းရရှိစေရန် ပညာရေးဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုလက်မှု အထက်တန်းကျောင်း သာမက သိပ္ပံအဆင့်သင်ကြားနိုင်ရန်အတွက် ဘတ်ဂျက်လျာထားပြီးဖြစ်ပါကြောင်းနှင့် ယမန်နေ့ အစည်းအဝေးတွင် မြေနေရာ ရရှိပြီးဖြစ်သည့်အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင်  စတင်အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

           

ဆက်လက်၍  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်၊ တံတားဦး မဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးလှမိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစော ဗယ်လင်တိုင်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တို့က ရှင်းလင်း ဖြေကြားကြသည်။

           

ထို့နောက် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်က ပေးအပ်သောဘွဲ့နှင့် လျော်ညီသော ပညာအရည်အသွေး သင်ပေးနိုင်စေရန်အတွက် အဆင့်မြင့် ပညာသင် တက္ကသိုလ်၊ ကောလိပ်များတွင် စာတွေ့များကာ၊ လက်တွေ့မျှတစေရန် သင်ထောက်ကူ ပစ္စည်းများဖြည့်ခြင်း၊ လက်တွေ့ဆောင်ရွက်ခိုင်းမှုများ၊ ကွင်းဆင်းလေ့လာမှုများ၊ စာတမ်းတင်ခိုင်းမှုများ ပြုလုပ်၍ အဆင့်မြင့်ပညာမြှင့်တင်မှုကို ဆောင်ရွကပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် လက်ရှိအစိုးရအနေဖြင့် အဆင့်မြင့်ပညာရေးကဏ္ဍကို အလုပ်မလုပ်၍ တင်သွင်းရခြင်း မဟုတ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍကို အားစိုက်နေသည်ကိုလည်းအားလုံး အသိပင်ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် မြေပြင်အနေအထားအရ ကျောင်းသူ၊ ကျောင်းသားများ၏ ပြောပြချက်အရနှင့် မိမိ၏ လေ့လာမှုအရ အရေးကြီးသည့် အကြံပြုချက်တစ်ခုကို အကြုံပြုလို၍ တင်သွင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့သည် ကောင်းမွန် သည့် ပညာရေးကို ပေးပြီး လူငယ်များ၏ အလားအလာကို မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ လူငယ်များ၏ သင်ယူစိတ်ကို မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ လူငယ်များ၏ ပညာချစ်စိတ်ကို နှိုးဆပေးရမည်ဖြစ်ပါကြောင်း၊ ပညာတတ်ခြင်းအပေါ်တွင် ဂုဏ်ယူသည့်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပါကြောင်း၊ အနာဂတ်များတောက်ပရန် အတွက်ပညာအမွေပေးရမည်ဖြစ်ပါကြောင်း၊  တိုင်းပြည်တည်ဆောက်ရန် လိုအပ်သည့် အရည်အသွေးပြည့်ဝသည့် ဘွဲ့ရလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးမည် ဆိုပါက အလွန်ကောင်းမွန်သည့် အချက်ဖြစ်ပါကြောင်း။

 

မိမိအနေဖြင့် နိုင်ငံတကာချေးငွေ တစ်ခုခုဖြင့် အဆင့်မြင့်ပညာတက္ကသိုလ် ကောလိပ်များတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို ဖြည့်ဆည်းရန်၊ သင်ထောက်ကူများသုံး၍ လက်တွေ့သင်ကြားပြသမှု အချိန်လုံ လောက်စွာပေးရန်၊ ပညာသင်ယူရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီး ပေးရန်တို့ကို အကြံပြုလိုပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အလုံ မဲဆန္ဒနယ်မှ ဦးရဲလွင်က အဆိုအား လက်ခံ ဆွေးနွေးနိုင်ရန် ထောက်ခံ တင်ပြသည်။

    

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေး နွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

           

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

           

ထို့နောက် ဆိပ်ဖြူမြို့နယ်မှ ဦးအောင်သိုက်က မြန်မာနိုင်ငံမှာ သမိုင်းဘာသာနှင့် ပထဝီဝင် ဘာသာအကြောင်း တတ်သိကျွမ်းကျင်သော ပညာရှင်များ ကမ္ဘာ့အလယ်မှာ ပေါ်ထွန်းလာစေရန် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံပညာအလယ်တန်း အဆင့်တွင် ယခုထက်ပိုမိုသင်ကြားနိုင်ရေးအတွက်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း သည်။

 

ဆက်လက်၍ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်က အဆိုအား လက်ခံ ဆွေးနွေးနိုင်ရန် ထောက်ခံ တင်ပြသည်။    

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာသည်။

           

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့  အသိပေးပြီး ဥပဒေကြမ်းကော်မတီဝင် ဦးပါထန်းက အစီရင်ခံစာအား ဖတ်ကြားတင်သွင်းသည်။

           

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

           

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

           

အေးအေးသန့်(သတင်းစဉ်)