ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၂၁ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့၏ သက်တမ်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

 

ထို့နောက် လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက မိဘမဲ့နှင့် စွန့်ပစ်ခံကလေးသူငယ်များအတွက် ဖွင့်လှစ်တည်ထောင်ထားသော ဂေဟာများကို ဥပဒေနှင့်အညီ စနစ်တကျ ဖွဲ့စည်းတည်ထောင်နိုင်ရေး၊ ပြုစုထိန်းသိမ်းထားသော ကလေးသူငယ်များကို စနစ်တကျ မှတ်တမ်းစာရင်းသွင်း ထိန်းသိမ်းနိုင်ရေးနှင့် မွေးစာရင်းထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာများတွင်ရှိသော ကလေးသူငယ်များ ပညာသင်ကြားမှု၊ ဘ၀ရပ်တည်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာကို အကြောင်းပြပြီး ကလေးသူငယ်များအပေါ် အမြတ်ထုတ် ဆောင်ရွက်နေမှုများ ရှိ၊ မရှိ ကို စစ်ဆေးဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မိခင်မဲ့ကလေး စောင့်ရှောက်ရေးသင်တန်းကျောင်း၊ တရားဥပဒေ အသိအမှတ်ပြု မှတ်ပုံတင်ထားသောပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများမှ မိဘမဲ့ကလေးများကို အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ  ပုံစံ ၆၆/၆ နှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးလျက်ရှိရာတွင် မိဘအချက်အလက်များ မသိရှိသော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း ၂ ပုဒ်မ ၅ ပါ တိုင်းရင်းသား တိုင်းမှလည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊ မွေးရာပါ နိုင်ငံသားဖြစ်သည်ဟု ဖော်ပြထားသည့်အတွက် ဖြေလျှော့နည်းလမ်းအရ ဖွဲ့စည်းပေးထားသည့် မြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့် ဆုံးဖြတ်၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ပရဟိတဂေဟာများအား ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ကလေးသူငယ်များအပေါ် အမြတ်ထုတ်နေမှုများ တွေ့ရှိမှုအရလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းဖြင့် လူမှုကွန်ယက်များမှ တိုင်ကြားခြင်းများအရ လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေးအကြံပြုချက်များ ပေးပို့လာမှုများအရလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများက စစ်ဆေးပြီး ဥပဒေအရ အရေးယူခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

လက်ရှိအားဖြင့် ပရဟိတဂေဟာများနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ အားလုံးကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည်လျှောက်ထားရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဂေဟာရှိ ကလေးငယ်များအတွက် နိုင်ငံသားစိစစ်ရေးကတ်များ စီစဉ်ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားပံ့ပိုးပေးခြင်း၊ တိုင်ကြားမှုများရှိပါက စိစစ်ဆောင်ရွက်ခြင်းတို့ကို မြို့နယ် ဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင်၏ လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်များ တစ်ပြေးညီ ပညာဆက်လက်သင်ကြားခွင့်ရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍ တိကျသော မူဝါဒများချမှတ်ပြီး ညွှန်ကြားချက်များ ထုတ်ပြပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အမျိုးသမီးငယ်များအပေါ်တွင် လိင်အကြမ်းဖက်မှု လျော့နည်းကျဆင်းရေးအတွက် ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူများနှင့်အတူ အသိပညာပေး ကာကွယ်တားဆီးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်များအား တန်းတူပညာသင်ကြားခွင့်ရရှိရေး၊ အသက်မွေးဝမ်းကြောင်းပညာများ ဆက်လက်သင်ယူနိုင်ရေးနှင့် ယင်းတို့ဘဝအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိဖြင့် စိတ်လုံခြုံမှုပြည့်ဝစွာ အသက်ရှင် နေထိုင်သွားနိုင်ရေးတို့အတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးသည့် အစီအစဉ်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်းသူ ကျောင်းသားများကို ပြဋ္ဌာန်းထားရှိပြီးသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မည်သည့် ခွဲခြားမှုမှ မပြုလုပ်ဘဲ ပညာသင်ယူမှု အခွင့်အလမ်းများရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများ၌ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ခင်းများတွင် ဖြုတ်ပိုးကျရောက်ခဲ့ပါသဖြင့် နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများ၏ ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆိုင်းငံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တောင်သူများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးအတွက် မိုးရာသီချေးငွေသည် ပမာဏအများဆုံး အဓိကချေးငွေဖြစ်ပါကြောင်း၊ နှစ်စဉ်မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေး၍  နောက်နှစ် ဧပြီလ ၁၅ ရက် နောက်ဆုံးထားပေးဆပ်ရန် သတ်မှတ်ထားပါကြောင်း၊ ဧပြီ ၁၅ ရက်တွင် အကြောင်းကြောင်းကြောင့် အချိန်မီပေးဆပ်နိုင်ခြင်းမရှိသော တောင်သူအချို့အနေဖြင့် ကျော်လွန်သည့် ကာလအတွက် ဒဏ်တိုးပေး၍ ချေးငွေထုတ်ချေးသည့်ကာလ မေမှ စက်တင်ဘာလအတွင်း ပြန်လည်ပေးဆပ်ပြီးမှသာ ချေးငွေသစ်ကို ထုတ်ချေးခွင့်ရှိပါကြောင်း၊ အကယ်၍ မိုးချေးငွေ ထုတ်ချေးသည့် စက်တင်ဘာလကုန်ပြီးမှ ပေးဆပ်ပါက မိုးချေးငွေအသစ် ရယူခွင့် ဆုံးရှုံးမည်ဖြစ်ပြီး နောက်နှစ်မှသာ မိုးချေးငွေသစ်ကို ချေးယူခွင့်ရှိမည်ဖြစ်ပါကြောင်း။

 

ဒေသအသီးသီးမှ အရင်း၊ အတိုးဆိုင်းငံ့ခွင့်ပြုရန် တင်ပြတောင်းဆိုမှုများကို လိုက်လျောခွင့်ပြုပါက နိုင်ငံတော်အနေဖြင့် ချေးငွေသစ်ထပ်မံထုတ်ချေးရန် ရန်ပုံငွေအခက်အခဲများ တွေ့ရှိလာနိုင်ပါသဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ဥပဒေနှင့်အညီ တောင်သူလယ်သမားများ၏ ချေးငွေပေးဆပ်မှု အခက်အခဲများကို ဂရုပြုစိစစ်၍ စောင့်ဆိုင်းကောက်ခံရန် လိုအပ်ပါက စောင့်ဆိုင်းကောက်ခံပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၏ သက်ကြီးရွယ်အိုများအား စရိတ်ထောက်ပံ့ရာတွင် မှတ်ပုံတင်အိမ်ထောင်စုစာရင်း မပြသနိုင်သော၊ မွေးသက္ကရာဇ် မှားယွင်းနေသူများအတွက် မည်သို့ ပြန်လည်စိစစ်ထည့်သွင်းပေးမည်နှင့် နောင်အနာဂတ်တွင် သက်ကြီးရွယ်အိုများအတွက် ရေရှည်ကူညီစောင့်ရှောက်နိုင်ရန် နိုင်ငံတော်မှ မည်သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးစိုးအောင်က လည်းကောင်း၊ ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်ရှိ ပူတာအို-နမ်ထွမ်ခူး ကျေးရွာ အုပ်စုချင်းဆက် ကျောက်ချောလမ်း ၁၄/၅ မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်၏ ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်းကျေးရွာအုပ်စုတွင် အရှည်ဆုံး (၇၇×၁၂×၁၀) ပေရှိ  နမ်းငွန်းနွဲ့ ချောင်းကူးတံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၏ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ပေါ်ရှိ ပြည်သူလူထုအတွက် သောက်သုံးရေ လုံလောက်စွာရရှိရေးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

အလားတူ မိုးမောက် မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ အောင်သစ္စာ ရပ်ကွက်တွင် မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၏ ရှားတော မြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်ခွဲဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီးယန်းဗဲလ်၏ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ မြန်မာ့စီးပွားရေးဘဏ်၊ ရိခေါဒါရ် ဘဏ်ငွေတိုက်ခွဲတွင် အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်းပေးရန် အစိအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက တောင်သူလယ်သမားဘ၀ ရေရှည်တည်တံ့နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အရပ်ရပ်သော ကြွေးမြီကိစ္စရပ်များအား ဖြေလျှော့ပေးနိုင်မည့် နိုင်ငံတကာထောက်ပံ့ငွေ သို့မဟုတ် အတိုးမဲ့နှစ်ရှည် ချေးငွေများရရှိနိုင်ရေးကို စီမံကိန်း တစ်ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး  နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူလယ်သမားမိသားစုများ ဖြစ်ကြပါကြောင်း၊ ခေတ်အဆက်ဆက် တောင်သူလယ်သမားများသည် နိုင်ငံတော်၏ စားနပ်ရိက္ခာကို အပြည့်အဝ ဖော်ဆောင်ပေးနေသည့် ကျေးဇူးရှင်များဖြစ်ပါကြောင်း၊ တောင်သူလယ်သမား မိသားစုများ ဖွံ့ဖြိုးတိုးတက်ပါမှ  နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်အခါတွင် တောင်သူလယ်သမား မိသားစုများသည် တစ်စတစ်စ နိမ့်ပါးလာကြပါကြောင်း။

 

ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံများ ရေကြီးနစ်မြုပ်ပျက်စီးခြင်း၊ မိုးရေလုံ လောက်စွာမရရှိခြင်း၊ ဆီးနှင်းများကျဆင်းခြင်း၊ ပိုးမွှားရောဂါများကြောင့် ပျက်စီးဆုံးရှုံး၍ သီးနှံအရည်အသွေးမမှီခြင်း၊ သွင်းအားစုများဖြစ်သည့် လုပ်အားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးရွက်ဖြန်းဆေး ဈေးနှုန်းမြင့်မားခြင်း၊ တွက်ခြေကိုက်သည့် ဈေးကွက်မရရှိခြင်း၊ အဓိက စိုက်ပျိုးသည့် သီးနှံများဖြစ်သည့် စပါးဈေးကွက်တွင် ဈေးများကျဆင်းမှုတို့ကြောင့် နှစ်စဉ်အရှုံးနှင့် ရင်ဆိုင်ကြရပြီးဘ၀ ရပ်တည်မှုကို အခက်အခဲဖြင့် ရပ်တည်နေကြရပါကြောင်း။

 

ထို့ကြောင့် တောင်သူလယ်သမားများ အကြွေးနွံနစ်မှုသည် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လက္ခဏာမဟုတ်ပါကြောင်း၊ တောင်သူလယ်သမားတိုင်း အကြွေးကင်းစင်မှသာ စိုက်ပျိုးထုတ်လုပ်တိုးတက်မှု၊ သီးနှံအရည်အသွေးမြင့်မားမှုတို့ကို ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်း တွက်ခြေကိုက်နိုင်မှု၊ အကြွေးကင်းစင်မှုတို့သည် အစိုးရအဖွဲ့မှစ၍ ပြည်သူတစ်ရပ်လုံးတွင် တာဝန်ရှိပါကြောင်း၊ တောင်သူလယ်သမားများသည် နိုင်ငံတော်၏ အရေးအကြီးဆုံးကဏ္ဍဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေးကို အဓိကထားဆောင်ရွက်နေသူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် ကြွေးမြီကိစ္စကို ဖြေလျှော့နိုင်ရန်အတွက် နိုင်ငံတကာထောက်ပံ့ငွေ သို့မဟုတ် အတိုးမဲ့နှစ်ရှည် ချေးငွေများကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း ရှင်းတင်းတင်ပြသည်။

 

ယင်းနောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက အဆိုအား ထောက်ခံဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန်ခြင်းကြောင့် မြန်မာနိုင်ငံတွင်း Micro Finance  လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများမှ ငွေကြေးချေးယူထားသော ပြည်သူများက ပုံမှန်ပြန်လည်ပေးသွင်းနေရသော ချေးငွေများအား ကိုဗစ်ကို ရင်ဆိုင်တွန်းလှန်နေသည့်ကာလ (Response Period) တစ်ခုအထိ ဆိုင်းငံ့ထားနိုင်ရန်နှင့် ကိုဗစ်ပြန်လည် ထူထောင်ရေးကာလ (Recovery Period)အတွင်း အတိုးနှုန်းကင်းလွတ်ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ Micro Finance  လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပေါင်းစပ် ညှိနှိုင်းပေးနိုင်ရန် အဆိုကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က အဆိုအား ထောက်ခံ ဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အရေးတကြီး ကိစ္စရပ်တစ်ခုကို ဆွေးနွေးရန် ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က ဥက္ကဋ္ဌထံ စာဖြင့်ရေးသား၍ လက်မှတ်ရေးထိုး တင်ပြလာပါကြောင်း ပြောကြားပြီး အဆိုကို ဖတ်ကြားတင်ပြရာတွင်သို့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်၊ နေပြည်တော်၊ အကြောင်းအရာ အရေးကြီးအဆိုတင်သွင်းခြင်းကိစ္စ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်၊ အထက်ပါကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ပရောက် မြန်မာနိုင်ငံ အလုပ်သမားများ အထူးသဖြင့် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် ရွေးကောက်ပွဲအမီ မိမိစိတ်ဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပြန်လည်ခေါ်ဆောင်ရန် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် တင်သွင်းအပ်ပါကြောင်း။

 

အကျိုးအကြောင်းဖော်ပြချက်အနေဖြင့်  ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် ကမ္ဘာ့ကပ်ရောဂါ COVID-19 အခြေအနေကြောင့် ပြည်တွင်းသို့ လမ်းကြောင်းမျိုးစုံတို့ဖြင့် ပြန်လည်ဝင်ရောက်လျက် ရှိပါကြောင်း၊ သို့ရာတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး မြန်မာနိုင်ငံသား ၁၀ ဦးသည် မိမိကိုယ်ကိုသတ်သေခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံသားအလုပ်သမား ၂ သောင်းကျော်သည် မြန်မာနိုင်ငံသို့ ပြန်လာရန် သံရုံးသို့ စာရင်းပေးထားကြောင်း သိရှိရပါကြောင်း၊ လေယာဉ်ဖြင့် ပြန်လာရန် နှောင့်နှေးကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေကြောင်းကိုလည်း သိရှိရပါကြောင်း။

 

မြန်မာ့တပ်မတော်တွင် လူအင်အား ၁၀၀၀ ခန့် သယ်ဆောင်နိုင်သည့် မုတ္တမစစ်ရေယာဉ်ကဲ့သို့ ဘက်စုံရေယာဉ်များရှိပြီး တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြောထားပြီး လက်တွေ့ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် မြန်မာနိုင်ငံသို့  ပြန်လာရန် စောင့်ဆိုင်းနေသော မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂ သောင်းကျော်အား တပ်မတော်ရေယာဉ်၊ လေယာဉ်များ အသုံးပြု၍ ရွေးကောက်ပွဲအမီ ပြန်လည် ခေါ်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း။

 

အလားတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် MAI နှင့် MNA လေကြောင်းလိုင်းများဖြင့် သယ်ဆောင်ပေးနေသော်လည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသဖြင့်  မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်များ အသုံးပြု၍ ရွေးကောက်ပွဲအမီ မိမိဆန္ဒအရလွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပြန်လည်ခေါ်ဆောင်နိုင်ရန် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်  ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ လေးစားစွာ တင်သွင်းအပ်ပါကြောင်း  ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၂)အရ အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံ ဖြစ်သော ၁၄၄ ဦးက ထောက်ခံပါက ဆက်လက်ဆွေးနွေးရန် လွှတ်တော်က သဘောတူသည်ဟု မှတ်ယူမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မတ်တပ်ရပ်၍ ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် ဆုံးဖြတ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အရေးကြီးအဆိုအား လက်ခံရန် သင့်၊ မသင့် မတ်တပ်ရပ် ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် ဆန္ဒမဲရယူရာ ထောက်ခံမဲ ၁၂၅ ဖြစ်၍ ထောက်ခံသူဦးရေသည် ၁၄၄ ဦးမရှိသည့်အတွက် အရေးကြီးအဆိုအား လက်ခံဆွေးနွေးရန် မရှိကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇူလိုင် ၂၃ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)