ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၃၀  မေ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ လေရှီးမြို့နယ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံဖြစ်သော လိမ္မော်ပင်နှင့် အခြားနှစ်ရှည်ပင်များအား ပိုးမွှားများနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့်  ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ရန် အသိပညာပေးလုပ်ငန်းနှင့် နည်းပညာကျွမ်းကျင်သူများ စေလွှတ်၍  သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပိုးမွှားရောဂါနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့်  ပျက်စီးခဲ့သည့် လိမ္မော်ပင်များအား အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် သက်တမ်း(၂)နှစ် သားလိမ္မော်ပင်များကို စုဆောင်း၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးရာသီအမီ ဒေသခံတောင်သူများထံသို့ အခမဲ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုးမကျမီ စိုက်ပျိုးသွားနိုင်ရန်အတွက် တစ်ဖက်မှလည်း လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် လေရှီးမြို့နယ်အတွင်းရှိ တောင်သူများကို အဆိုပါ လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ကူညီစည်းရုံးဆောင်ရွက်ပေးစေလိုပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ပင်းတယ မဲဆန္ဒနယ်မှ ဦးစိုးမြင့်၏ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာအုပ်စုတွင် ပြန်ပေးပြီး  မြေကွက်(၆)ကွက်အား မြေပိုင်ဆိုင်မှု ပုံစံ (၇) ရရှိအောင်ဆောင်ရွက်ပေးရန် နှောင့်နှေးကြန့်ကြာမှု ဖြစ်နေသော အဆိုပါမြေ(၆) ကွက်ကိစ္စအား လုပ်ငန်းအဆင်ပြေစေရန်နှင့် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်း လုပ်ငန်း (School Milk Program) ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက်ကူညီပံ့ပိုးပေးမည်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေ ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည်၏ သံတွဲမြို့နယ်၊ ငပလီမြို့ အမှတ်(၅) ရပ်ကွက်၊ ဂျိတ္တော(လုံးသာ) ရပ်ကွက်အတွင်းရှိ အများပြည်သူအသုံးပြုနေသော ဆိပ်ခံတံတား (Jetty) မှာ ပျက်စီးယိုယွင်းနေပါသဖြင့် မည်သည့် ဘဏ္ဍာရေးနှစ်တွင် အဆင့်မီ (Jetty) တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျိတ္တော(လုံးသာ) ဆိပ်ခံတံတားနေရာကို ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှုပြုနိုင်ပါရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ၂၀၁၇ ခုနှစ် မတ် ၉ ရက်တွင် တင်ပြခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထားကို ၂၀၁၇ ခုနှစ် မတ် ၂၁ ရက်တွင် တောင်းခံလာသည့်အတွက် အဆိုပါ ဆိပ်ခံတံတားနေရာအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက  ၂၀၁၇ ခုနှစ် ဧပြီ ၁၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ သဘောထား တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအနေဖြင့်လည်း အဆိုပါအမှုတွဲကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် စီးပွားရေးရာ ကော်မတီသို့ ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်တွင် အမှုတွဲအား လွှဲပြောင်းပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျိတ္တော(လုံးသာ) ဆိပ်ခံတံတားနေရာအား လွှဲပြောင်းပေးအပ်နိုင်ပါကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရမှ လွှဲပြောင်းလက်ခံရယူပြီး ဆိပ်ခံတံတား တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် နည်းပညာပိုင်းကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်ရှိ  ရန်ကုန်-ပြည်လမ်းနှင့် ကျွန်းကလေး-မှော်အင်းလမ်းဆုံရာ (ကျွန်းကလေးအရှေ့ဘက် လမ်းတာဆုံ) တွင် စံကိုက်မီးပွိုင့် ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ  ခုံခမ်း၊ ကျွန်းတော်တို့ ကူးတို့ဆိပ်၊ အမှတ်(၁) ရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက် စသောနေရာများတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ နှစ်စဉ်ပြိုကျလျက်ရှိရာ မြစ်ထိန်းကျောက်စီနံရံရေကာတာ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်း တပ်ဆင်သွယ်တန်းထားကြသော ဆက်သွယ်ရေးကြိုးလိုင်းများ၊ အင်တာနက်ကွန်ရက် ဖိုက်ဘာလိုင်းများသည် တရားဥပဒေနှင့် ညီညွှတ်မှုရှိ၊ မရှိ  အဆိုပါ ကြိုးလိုင်းများအား ဖြုတ်သိမ်းရွှေ့ပြောင်းရန် လိုအပ်လာသည့်အခါ မည်သည့်အဖွဲ့အစည်းများတွင် တာဝန်ရှိသည်ကို သိရှိလိုခြင်းနှင့် နိုင်ငံပိုင် ဓာတ်အားတိုင်များတွင် သွယ်တန်းထားမှုကြောင့် လျှပ်စစ်နှင့် အခြားအန္တရာယ်ကင်းရှင်းရန်၊ မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း တို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဝင် ဦးထွန်းထွန်းက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအား  ဖတ်ကြားတင်ပြပြီး  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် မရှိ အတည်ပြု၍ ပေးပို့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉) နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ပြင်ဆင်ချက်မရှိ အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြင်ဆင်ချက်မရှိ သဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု၊ အထွက်နှုန်း၊ အရည်အသွေးမြင့်မား၍ နိုင်ငံခြားသို့ တင်ပို့နိုင်စေရန် သုတေသနနှင့် တိုးချဲ့ထုတ်လုပ်ရေးစနစ် (Research and Extension System) ပိုမိုအားပေး ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင်  လယ်ယာသားငါးကဏ္ဍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်ဆောင်ရွက်နိုင်ရန်၊ အထွက်နှုန်း၊ အရည်အသွေးများ မြင့်မားလာစေရန်၊ နိုင်ငံခြားတင်ပို့နိုင်သော လယ်ယာသားငါး ထွက်ကုန် အများအပြား ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးရှိသော စိုက်ပျိုးရေးပစ္စည်းများ သုံးစွဲ၍ အရည်အသွေးမြင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်စေရန်နှင့် ထုတ်လုပ်မှုနှင့်ပတ်သက်သော အခြေခံအချက်အလက်များ သိရှိလိုက်နာ ဖြေရှင်းဆောင် ရွက်ခြင်းဖြင့် အကျိုးကျေးဇူး ပိုမိုရရှိစေရန်တို့အတွက် ရည်ရွယ်၍အဆိုအား တင်သွင်းရခြင်း ဖြစ်ပါကြောင်း။

 

တောင်သူလယ်သမားအများစုတွင် မည်သည့်ပိုးကျ၍ မည်သို့ကာကွယ်ရမည်ကို သိရှိသုံးစွဲမှု အားနည်းလာသဖြင့် အသိပညာ၊ နည်းပညာရပ်များကို သင်တန်းပေး ဆောင်ရွက်သင့်ပါကြောင်း၊  ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် နည်းပညာပေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေကြသော်လည်း ဝန်ထမ်းအင်အား အားနည်းမှုကြောင့်  လည်းကောင်း၊ ဘတ်ဂျက်ခွဲဝေမှု နည်းပါးခြင်းကြောင့် လည်းကောင်း လက်တွေ့ ဆောင်ရွက်နေမှုများကို ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့်မဆောင်ရွက်နိုင်ကြောင်းကို တွေ့ရှိရပါကြောင်း၊ တောင်သူလယ်သမားများသည်  လိုအပ်ခြင်း၊ မလိုအပ်ခြင်းတို့  သိရှိခြင်းမရှိဘဲ ပိုးသတ်ဆေးများ ဖြန်းကြသောကြောင့် ဓာတ်ကြွင်း အာနိသင်များပြားသဖြင့်  နိုင်ငံခြားမှ Reject  လုပ်ခံရသည်အထိ ဖြစ်လာသဖြင့် လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု အသိပညာ၊ နည်းပညာများ စဉ်ဆက်မပြတ် ကျယ်ကျယ်ပြနြ့့်ပန့် ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း။

 

နိုင်ငံခြားသို့ တင်ပို့နိုင်စေရန် ဈေးကွက်ဝင် သီးနှံအမျိုးအစားအသစ်များ သုတေသန စမ်းသပ်ဖော်ထုတ်ခြင်းကို အားပေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံခြား Export  တင်ပို့နိုင်ရန် ဈေးကွက်ဝင် သီးနှံများ ဒေသအလိုက် သုတေသနများ စမ်းသပ်၍ သင့်လျော်သော Export သီးနှံများကို Mass Producation  အဖြစ် ပိုမို ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် လယ်ယာသားငါးကဏ္ဍကို စနစ်တကျ လက်တွေ့ကျ မူဝါဒ၊ လုပ်ငန်းစဉ် နည်းစနစ်များ ရေးဆွဲ၍ တိုးမြှင့်ရန် ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံ တင်ပြသည်။     

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။    

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတင်သွင်းသည့်  နိုင်ငံ၏အမျိုးသား စီးပွားဖွံ့ဖြိုးတိုးတက်စေရန် တောင်သူဗဟိုပြု စိုက်ပျိုးရေးနှင့် အသားငါးထုတ်လုပ်ရေး ကဏ္ဍကို နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ကျေးလက်နေ တောင်သူများ တွဲဖက်လုပ်နေသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  နှစ်အလိုက် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ စီမံကိန်းများ ချမှတ်ထားသော်လည်း အဖြေရလဒ်၊ ချည်းကပ်မှုများအရ တောင်သူများဘဝသည် ထင်ထားသကဲ့သို့ မတိုး တက်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် အဓိကအချက်သည် မျိုးစေ့၊ မြေနေရာ၊ အရင်းအနှီး၊ နည်းပညာနှင့် သွင်းအားစုများ လိုအပ်ပါကြောင်း။

 

အထူးသဖြင့် စိုက်ပျိုးမြေ များရှိသော်လည်း မွေးမြူရေးမြေသည် အကန့်အသတ်ဖြစ်နေပါကြောင်း၊ လယ်ယာမြေ ကို အခြားနည်းသုံးစွဲခွင့်တွင်လည်း အခက်အခဲများဖြင့် ကြုံနေရပါကြောင်း၊ ဖွံ့ဖြိုးတိုး တက်ရန်အတွက်   Research and Development  သည် ဒွန်တွဲနေ ပါကြောင်း၊ မြေအမျိုးအစား၊ မျိုးစေ့၊ နည်းပညာများကိုသာ သုတေသန  လုပ်မနေဘဲ ဈေးကွက်သုတေသနကိုပါ လုပ်ရန် လိုအပ်ပါကြောင်းစသည်ဖြင့် အဆိုအား ထောက်ခံဆွေးနွေးသည်။

 

ဆက်လက်၍ မအူပင် မဲဆန္ဒနယ် မှ ဦးစိန်ဝင်း၊ ကျောက်တံခါး မဲဆန္ဒနယ်မှ ဦးခင်မောင်ဦး၊ လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ဂွ မဲဆန္ဒနယ်မှ ဦးမြင့်ဝေ၊ ခရမ်း မဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်း၊ ကော့မှူး မဲဆန္ဒနယ် မှ ဦးကျော်ဆွေဝင်းနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ အသားကဏ္ဍ၊ ငါးကဏ္ဍ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အသွေးကောင်းမွန်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ ကောင်းမွန်သည့် တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်၊ ကောင်းမွန်သည့် မွေးမြူ ရေးကျင့်စဉ် တို့ကို ကျင့်သုံး၍ နိုင်ငံတကာဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီသည့် ကဏ္ဍဆိုင်ရာ ထွက်ကုန်များ ကျယ်ပြန့်စွာ ထုတ်လုပ်နိုင် ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

 

အဆိုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် သုတေသနနှင့် တိုးချဲ့ပညာပေးရေး၊ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ဖြန့်ဖြူးပေးရေး၊ လယ်ယာလုပ်ငန်းခွင် စက်ကိရိယာများတိုးမြှင့်သုံးစွဲနိုင်ရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူလယ်သ မားများ အရင်းအနှီးနှင့် ချေးငွေထောက်ပံ့ငွေများ တိုးတက်ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ရေရရှိရေး၊ ဈေးကွက် ဖွံ့ဖြိုးတိုး တက်ရေး၊ ထုတ်လုပ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးစသည့် တောင်သူဗဟိုပြု ဖွံ့ဖြိုးမှု နှစ်တိုနှစ်ရှည် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက်  တောင်သူဗဟိုပြု ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများမှ ကျေးလက်ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ အထောက်အကူဖြစ်စေသည့်အတွက်  အဆိုအား မှတ်တမ်းတင်သင့်ပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်းတင် စောင့်ကြည့်ပေးပါရန် ပြောကြားသည်။

 

ထို့ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင်စောင့်ကြည့်ရန်အတွက် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။   

   

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ဇွန် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)