ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၂၇  မေ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဒေါ်စိုးနွယ်အေး တံတားဦးမဲဆန္ဒနယ်က ကော်မတီအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြထားသောကြောင့် ကော်မတီအဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

 

ထို့နောက် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်၏ ထိုင်းနိုင်ငံနယ်စပ် ကချနာပူရီမှ ထားဝယ်အထူး စီးပွားရေးဇုန်သို့ (၂)လမ်းသွားကတ္တရာလမ်း အဆင့်မြှင့်ဆောက်လုပ်ရန် စီမံကိန်းအတွက် Neighbouring Countries Economic Development Cooperation (NEDA) ထံမှ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ချေးယူရန်  ပြည်ထောင်စုလွှတ်တော် က(၂၆-၃-၂၀၁၈) ရက်နေ့တွင်သဘောတူအတည်ပြုပြီးဖြစ်ရာ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် နေသည်ကိုသိလိုခြင်းနှင့်NEDA ထံမှ ချေးငွေလက်ရှိ ရယူခြင်းမရှိသေးပါက ပြည်ထောင်စုရန်ပုံငွေဖြင့်ပင် ပျက်စီးနေသော လမ်းပိုင်းများကို ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်ရေနက် ဆိပ်ကမ်း- မေတ္တာ-ထီးခီးလမ်း (၁၅၆ ဒသမ ၅) ကီလိုမီတာတွင် SEZအတွင်းလမ်း (၁၈ ဒသမ ၅) ကီလိုမီတာမှ ထိုင်း- မြန်မာနယ်စပ် ထီးခီးအထိ (၁၃၈) ကီလိုမီတာအား Neighbouring Countries Economic Development Cooperation ( NEDA)  ထံမှ  ချေးငွေ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံဖြင့် (၂)လမ်းသွားကားလမ်းအဖြစ် အဆင့်မြှင့်တင်ရန် အတည်ပြုခွင့် ပြုချက်ရရှိခဲ့ပါကြောင်း၊ ထိုစီမံကိန်း၏ Survey & Detailed Design အား ထိုင်းနိုင်ငံ NEDA မှ Grant Aid  ဖြင့် နည်းပညာဆိုင်ရာ ကူညီထောက်ပံ့မှုပေး၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုစီမံကိန်းအတွက် Detailed Project Report(DPR) အား ၂၀၁၉ခုနှစ် ဇွန်လကုန်တွင်  ကြားဖြတ် အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး Draft Final Report  ကို သြဂုတ်လကုန်နှင့် Final Report အား စက်တင်ဘာလကုန်တွင်တင်ရန် ရည်ရွယ်ထား ရှိပြီး စီမံကိန်းအကောင်အထည်ဖော်ခြင်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ စီမံကိန်းကာလမှာ ၂၀၂၀-၂၀၂၂ ခုနှစ်အထိ ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် NEDA ထံမှ ချေးငွေလက်ခံရယူနိုင်ခြင်းမရှိသေးသည့် ကာလတွင် ပျက်စီးနေသော အပိုင်းများ ထိန်းသိမ်းခြင်း ပြုပြင်ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထူး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ငွေကျပ် သန်း ၂၁၀ နှင့် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ငွေကျပ် ၁၀၈ ဒသမ ၇၀ သန်း စုစုပေါင်း ရန်ပုံငွေ ငွေကျပ် သန်း ၃၁၈ ဒသမ ၇၀ ဖြင့် ယခုနှစ်မိုးရာသီအမီ ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏ ဘုန်ဟုန်းလမ်းခွဲမှ လာလွီး၊ ဘွေရိန်၊ ဒိုင်နှိုင်းနှင့် ခွာဟုန်းကျေးရွာတို့ကို ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ချင်းပြည်နယ် မတူပီမြို့နယ် အနောက်ဘက်ရှိ မတူပီ-လိုင်လင်းတယ် လမ်းပေါ်ရှိ  ဘုန်ဟုန်းလမ်းခွဲမှ သွားလာရသော လာလွီးကျေးရွာ၊ ဘွေရိန်းကျေးရွာ၊ ဒိုင်နှမ်းကျေးရွာနှင့် ခွါဟုန်း ကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းများသည် လမ်းအဆင့်သတ်မှတ်ချက် အရ Class (B)၊ ဦးစားပေးအဆင့် (၂)နှင့်  Class (C)၊ ဦးစားပေးအဆင့် (၃)တို့တွင် ပါဝင်သောလမ်းများ ဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နောက်ပိုင်းကာလများတွင် ထည့်သွင်းလျာထားပြီး ပြည်ထောင်စု ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ သင်္ဃန်းကျွန်းမဲန္ဒနယ်မှ ဦးရွှေလှ(ခ) ဦးရွှေလှဝင်း၏ သင်္ဃန်း ကျွန်းမြို့နယ်၊ ရန်ကုန်သစ် (၃၀) ရပ်ကွက်တွင် ရပ်ကွက်စတင်တည်စဉ် ကတည်းက ရပ်ကွက်အင်္ဂါရပ် နှင့်အညီ ဖော်ဆောင်ပေးခဲ့သော မူလပန်းခြံကို ဂရန်ရပြီးဟု အကြောင်းပြကာ အုတ်တံတိုင်းကာရံ ခြံဝင်းခတ်ခြင်း၊ လမ်းများဖြတ် တောက် ပိတ်ဆို့ခြင်းတို့ကို ပြန်လည်စိစစ်၍ မူလအတိုင်း အများပြည်သူပိုင် ပန်းခြံအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၏ ဝန်းသိုမြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူးလမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသို လမ်းပိုင်းအား ပြင်ဆင်ပေးပါ ရန်နှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ် (၆/၂၀) ဒုံးဒုတ်တံတားအား ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်ပေးရန်ရှိ၊ မရှိမေးခွန်း၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၏ ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်သာယာရေးနယ်နမိတ် အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့အား မြို့တော်ကြီးနှင့် အဆက်အသွယ်ကောင်းများ ဖြစ်ထွန်းလာရန် လိုအပ်လျက်ရှိသော တံတားတစ်စင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရှင်းလင်းဖြေကြားသည်။

 

ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကို လွှဲပြောင်းလက်ခံရန်  အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု) မြိ့နယ်ရှိ ဧရာဝတီမြစ်ရေ နစ်ခြင်းကြောင့် မြစ်ရေကြီးချိန်တွင် နေထိုင်ရေးအခက်အခဲတွေ့နေသော ဒေသခံ ပြည်သူများ အခက်အခဲအဖြေလျှော့နိုင်ရေး အတွက် ရေဘေးရှောင်အဆောက်အဦ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရှင်းလင်း ဖြေကြားသည်။

 

ယင်းနောက် ပြည့်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ၂၀၁၁ ခုနှစ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေကို ဥပဒေပြုပြီး နောက် စိစစ်ခြင်း အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်နှင့် ဘီးလင်းမဲဆန္ဒ နယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်တို့က ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုပါ အစီရင်ခံစာအပေါ် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဒေါ်ခင်စန်းလှိုင်တို့က ပြန်လည်ရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ အဆိုပါ အစီရင်ခံစာကို သဘောတူလက်ခံရန် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော  မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေကို  ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉) ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းစပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း တင်သွင်းသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်စွမ်းအား ၁၀ဝ ရာခိုင်နှုန်း ပြည့်ဝစွာ ရရှိရေး ဆောင်ရွက်နေရာ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်ထားရှိမှုကို  တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်းက    စွမ်းအင်နှင့်အရင်းအမြစ်အတွက် လိုအပ်နေသည့် ကိစ္စအားလုံးသည် ဝန်ကြီးဌာန တစ်ခုတည်းအောက်တွင် တည်ရှိ နေခြင်းမဟုတ်ဘဲ ဝန်ကြီးဌာနများစွာနှင့်  တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရ လုပ်ပိုင် ခွင့်များအထိ ဆက်စပ်ပတ်သက်နေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့နှင့် မူဝါဒကောင်စီတို့ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင် ရန်အတွက် လျှပ်စစ်ဆိုင်ရာ ပြဿနာများအပြင် အခြားသော အမျိုးသားအဆင့်မူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲခြင်း၊ စွမ်းအင်ဆိုင်ရာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ ပြည်သူတတ်နိုင်သော ပြင်ဆင် သင့်သည့် ဈေးနှုန်းများ ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန်နှင့် အခြားဆောင်ရွက် ချက်များကို ညှိနှိုင်းပေါင်းစပ်ထိန်းချုပ်ပေးနိုင်ရန် အဖွဲ့တစ်ဖွဲ့ မြန်မာစွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍအတွက် မရှိမဖြစ်လိုအပ်လျက်ရှိနေပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးက မိမိတို့နိုင်ငံ၏ လျှပ်စစ် အကျပ်အတည်းသည် စွမ်းအင်သယံဇာတ မရှိ၍ မဟုတ်ပါကြောင်း၊ ရှိသည့်စွမ်းအင်ကို စာချုပ်ဖြင့်  ရောင်းထား၍လည်း မဟုတ်ပါကြောင်း၊  နိုင်ငံတကာနှင့် ယှဉ်ပါက မည်သို့ ဖြစ်နေရသည်ဆိုသည့်အချက်နှစ်ချက်ရှိသည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ပထမအချက် သည် လျှပ်စစ်ကဏ္ဍစီမံခန့်ခွဲမှု စနစ်ကို  ပြောင်းလဲဆောင်ရွက်ရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ ဒုတိယအချက်သည် ဒေသတွင်းတွင် အနိမ့်ဆုံးအဆင့်ရောက်နေသည့် မိမိတို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး ရောထွေးနေပြီး နိုင်ငံရေးကိစ္စအဖြစ် ရှေ့တန်းရောက်လာသည့် ကိစ္စတို့ကြောင့် ဖြစ်ပါကြောင်း။

 

အရေးကြီးသည့်မှာ နိုင်ငံတော်မှ အကောင်အထည်ဖော်မည့် စွမ်းအင်မူဝါဒကို ပြည်သူလူထုနားလည် အောင်ရှင်းပြပြီး ပြည်သူ့အားကို ယူမည်ဆိုသည့် မူဝါဒကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထု ပါဝင်လာစေရေးဆိုသည့် အချက်ကို  ထည့်သွင်းရန် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ အမရပူရ မဲဆန္ဒနယ်မှ ဦးအောင်ဇော်မြင်၊့ တနင်္သာရီမဲဆန္ဒနယ်မှ ဦအောင်ကျော်ဟိန်း၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မြိတ်မဲဆန္ဒနယ် မှ ဦးစိုးပိုင်ဌေး၊ ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်၊ လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၊ မိုင်းကိုင် မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ကသာမဲဆန္ဒ နယ်မှ ဦးမြင့်ကြည်၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်နှင့် ရေတာရှည်မဲဆန္ဒ နယ်မှ ဦးကြည်မိုးနိုင် တို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မိမိတို့နိုင်ငံတွင် လျှပ်စစ်စွမ်းအင်လုံလောက် အောင် ဖြည့်ဆည်းရန် စက်တပ်ဆင်အား စုစုပေါင်းနှင့် တွက်၍ မရပါကြောင်း၊ လက်ရှိ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၅၅၃၄ မဂ္ဂါဝပ် စက်တင်ဆင်အား ရှိသည့် မိမိတို့နိုင်ငံ၏ အခြေအနေကို လေ့လာမည်ဆိုပါက ရေအား မှ ၅၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။

 

မိမိနိုင်ငံတွင်ရှိသည့် အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချရေးဆိုသည့် ရှုထောင့်မှလည်း လုပ်ဆောင်သင့်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် နှစ်စဉ် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် လုပ်သင့်ပါ ကြောင်း၊ သို့သော် ရေအားလျှပ်စစ်ကို ရာနှုန်းအလွန်  ပြုလုပ်ပါက ရာသီဥတု အပေါ်တွင် မူတည်နေ သည့် အမျိုးအစားဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် နှစ်စဉ် လျှပ်စစ် စိတ်ချလက်ချ ဖြန့်ဖြူးရေးအတွက်များစွာ  အားနည်းချက်ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အချိုးကျ ဆောင်ရွက် သင့်သောကြောင့်  ၂၀၃၀ ခုနှစ် Master Plan အရ Generation Mix အား အချိုးအစားမှန်စွာ ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် စီစဉ်ထားပါကြောင်း။

 

ထို့ကြောင့် အဆိုသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လက်ရှိဆောင်ရွက် နေသည့် ရည်ရွယ်ချက်များ ဖြစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်၏ တင်သွင်း သည့် အဆို၏ ရည်ရွယ်ချက်သည် နိုင်ငံအတွက် အမှန်တကယ်ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ် ဖြစ်သည့်အတွက် အဆိုကို ဝန်ကြီးဌာနက လေးနက်စွာ ထောက်ခံပါ ကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အဆိုအားအတည်ပြု ပေးပါရန် ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို မေ  ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)

 

Daw Nan H