ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၂၉ မေ 
    

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၄၅ဦး အပါအဝင် လက်မှတ်ရေးထိုးပြီး ပေးပို့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ရုံးက လက်ခံရရှိထားပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းတင်ပြလာမှုနှင့် စပ်လျဉ်း၍ စိစစ်ရာတွင် လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး၏ ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ နှင့်အညီ လက်ခံဆွေးနွေးရမည် ဖြစ်ပါကြောင်း။

 


ထို့ကြောင့် အဆိုပါ ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်အားလုံး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ် မေ ၂၉ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် ၄၁/၂၀၁၉ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းအမိန့်ကြေညာစာနှင့်အတူ ဒေါက်တာမောင်သင်းနှင့်အဖွဲ့ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအပါအဝင် ပေးပို့စာနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးထားသော စာရင်းမိတ္တူကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါကြောင်း အသိပေးကြေညာသည်။

 


ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၏ အခွန်စီမံခန့်ခွဲ့မှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် တည်ထောင်သည့် နားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Belt and Road Initiative Tax Administration Cooperation Mechanism – BRITACOM) စနစ်တွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှာ ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ စီမံကိန်းများကို ကာလရှည်တည် ဆောက်အကောင်အထည်ဖော်ရာတွင် မြန်မာ - တရုတ်နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အပံ့ပြုနိုင်မည်ဖြစ်ခြင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများအကြား အခွန်စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းအားဖြင့် မိမိနိုင်ငံ၏ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြှင့်လာနိုင်ခြင်းတို့ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လက် မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ (က)၏ နောက်ဆက်တွဲဇယား ၁၊ အမှတ်စဉ် (၈)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ကော်မတီအနေဖြင့် လွှတ်တော်နှစ်ရပ်သဘောကွဲသည့် အချက်များအပြင် အဆိုပါ အချက်များနှင့် ဆက်စပ်နေသည့် လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအပေါ်တွင်လည်း ထပ်မံလေ့လာစိစစ်ခဲ့ရာတွင် ဤဥပဒေကြမ်း၏ အပိုဒ် ၁၀၃၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၄)၏ နောက်တွင် အပိုဒ်ခွဲငယ် (၅)အဖြစ် အသစ်ဖြည့်စွက်သင့်ကြောင်းကိုလည်း သဘောတူညီချက် ရရှိခဲ့ပါကြောင်း၊ မိမိတို့ ညှိနှိုင်းသဘောတူညီခဲ့သည့် ပြည်သူ့လွှတ်တော်အတိုင်း အတည်ပြုသင့်သည့် အပိုဒ်၊ အပိုဒ်ခွဲများ၊ ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုသင့်သည့် အပိုဒ်၊ အပိုဒ်ခွဲများ၊ ဥပဒေကြမ်းကော်မတီအနေဖြင့် ဆက်စပ်၍ အသစ်ဖြည့်စွက်ခဲ့ သည့် အပိုဒ်ခွဲငယ်များကို နောက်ဆက်တွဲပါ ကန့်လန့်ဖြတ်ဇယားဖြင့် အပြည့်အစုံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြထားပြီး ဖြစ်ပါကြောင်း။

 


ထို့ကြောင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၍ ဆုံးဖြတ်အတည်ပြုပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။

 


ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တံတားကြီးများဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက်  အဆိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က တံတားကြီးများ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာသည်။

 


ဆက်လက်၍ နိ်ုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာသည်။ 
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိ်ုင်ငံ၊ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လူဦးရေ (၂)သိန်းကျော်အား ဘေးကင်းလုံ ခြုံစိတ်ချရသည့် ရေကောင်းရေသန့်ကို တစ်ရက်လျှင် ရေဂါလံ(၇)သန်း (၂၄)နာရီ (၇)ရက်ပတ်လုံး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး စက်မှုဇုန်(၁) (၂) (၃) ရှိစက်ရုံ၊ အလုပ်ရုံများနှင့် ရေသန့်စင်စက်ရုံအနီးရှိ ကျေးရွာ(၃)ရွာတို့တွင်လည်း ရေကောင်းရေသန့် ရရှိခံစားနိုင်မည်ဖြစ်ခြင်း၊ (Safe Drinking Water) ကို (၂၄)နာရီ ဖြန့်ဝေပေးနိုင်ခြင်း၊ ရေသုံးစွဲသူပြည်သူများ ရေကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှုင့် လာနိုင်ခြင်း၊ ဒုဋ္ဌဝတီမြစ်ရေကို သန့်စင်ရယူ သုံးစွဲခြင်းဖြင့် မြေအောက်ရေထုတ်ယူ သုံးစွဲမှုကိုလျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း။

 


ချေးငွေအပြည့်အဝ ထုတ်ယူသုံးစွဲပါက အကြမ်းအားဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုးယူရို ဝ ဒသမ ၇၀၇ သန်းခန့်နှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် အရင်းအတိုးပေါင်း ယူရို ၃ ဒသမ ၇သန်းခန့်တို့ကို နှစ်စဉ်ပြန်လည် ပေးဆပ်သွား ရမည်ဖြစ်ပါကြောင်း၊ အချိန်စေ့ရောက်သည့် နှစ်အလိုက် အတိုး၊ အရင်း ပြန်လည်ပေးဆပ်နိုင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ တိုးတက်ရရှိ လာမည့်ရေဖိုးရေခအပါအဝင် အခြားအခွန်အရပ်ရပ်များမှ ကောက်ခံရရှိသော ဝင်ငွေများကို ကော်မတီ၏ ဘတ်ဂျက်သို့ နှစ်အလိုက် ပေးသွင်းပြီး ချေးငွေပြန်လည် ပေးဆပ်ရန်အတွက် နှစ်အလိုက် လျာထား၍ ပေးဆပ်သွားမည် ဖြစ်ပါကြောင်း။

 


ဤချေးငွေစီမံကိန်းသည် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိသည့်အပြင် မကြာသေးမီက ထုတ်ပြန်ထားသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈ - ၂၀၃၀)၏ မဟာဗျူဟာ ၅ ဒသမ ၃ နှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ သို့ပါ၍ ချေးငွေယူရို ၂၉ ဒသမ ၉၆ သန်း ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ဆက်လက်၍ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းအပေါ် မူနှင့် အခြေခံသဘော အပါအဝင် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
    

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို နှစ်စဉ်တိုးမြှင့်လုပ်ဆောင်ပေးမည် ဖြစ်သောကြောင့်  အဓိကကျသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများ  ပြည့်ပြည့်ဝ၀ ထုတ်လုပ်နိုင်ရန်အတွက် ထိုစီမံကိန်းများကို သတ်မှတ်အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုများ ပုံမှန်လည်ပတ် ထုတ်လုပ်နိုင်ရန် လိုအပ်ချက်များကို အစဉ်အမြဲလေ့လာစစ်ဆေးပြီး ပြင်ဆင်သင့်သည်များနှင့် အစားထိုးလဲလှယ်သင့်သည်များကို အချိန်မီ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊   လုပ်သင့်လုပ်ထိုက်၊ ကုန်သင့်ကုန်ထိုက် သည်များအတွက် သက်ဆိုင်ရာဘဏ္ဍာနှစ်များ၏ ရသုံးခန့်မှန်းခြေစာရင်းများတွင် တွက်ချက်လျာထားသင့်ပါကြောင်း၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များ တွက်ချက်တောင်းခံသကဲ့သို့ နိုင်ငံ၏ဝင်ငွေ ပိုမိုတိုးမြှင့်ရရှိနိုင်ရေး အတွက်ကိုလည်း ဘက်စုံထောင့်စုံမှ အားစိုက်ရှာဖွေပေးရေးကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

 


အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ထောင်စု၏ စုစုပေါင်းဖြည့်စွက်ခွင့်ပြုငွေကို သာမန်စာရင်း၊ ငွေလုံးငွေရင်းစာရင်း၊ ကြွေးမြီစာရင်းနှင့် လုပ်ငန်းသုံးရင်းနှီးငွေ စာရင်းဟူ၍ အသုံးစရိတ်အမျိုးအစားအလိုက် ခွဲခြားဖော်ပြရာတွင်လည်း သာမန် အသုံးစရိတ်သည် စုစုပေါင်း ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ၏  ၄၄ ဒသမ ၃၃ ရာခိုင်နှုန်းရှိပြီး ငွေလုံးငွေရင်းအသုံးစရိတ်တွင် ၂၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရပြီး နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းသုံးရင်းနှီးငွေ ၂၆ ဒသမ ၉၁ ရာခိုင်နှုန်းကို ဖြည့်စွက်ခွင့်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ ရငွေနှင့် ပတ်သက်၍ မူလခန့်မှန်းခြေ၏ ၂၅ ရာခိုင်နှုန်းအောက် အကောင်အထည်ဖော်သည့် ဌာန အဖွဲ့အစည်းများ ရှိနေပြီး အဆိုပါ အဖွဲ့အစည်းများအနေဖြင့် နောက်ထပ်တိုးမြှင့်ကောက်ခံနိုင်မည်ဆို၍ တိုးမြှင့်လျာထားသည်ကိုလည်း တွေ့ရပါကြောင်း။

 


အသုံးစရိတ်နှင့် ပတ်သက်၍ အကောင်အထည်ဖော်မှုတွင် အချို့ဌာနများ အနေဖြင့် ၃၀ ရာခိုင်နှုန်းခန့်သာ သုံးစွဲအကောင်အထည်ဖော်နိုင် သေးသည်ကို တွေ့ရှိရပါကြောင်း၊  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖြည့်စွက် ခွင့်ပြုငွေ၊ သုံးငွေ၊ ထပ်တိုးတောင်းခံသည့်ဌာနများ အနေဖြင့်တင်ဒါလုပ်ငန်းနှင့် မိုးတွင်း ကာလ ရောက်ပြီဆိုသည့် ဖြစ်စဉ်များသည် ကြီးမားသည့် ကန့်သတ်ချက်များ ဖြစ်သည်ကို ထောက်ခံသော်လည်း ဌာနများအနေဖြင့် မည်သည့်အခက်အခဲများ ရှိစေကာမူ မူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ရန် အရေးကြီး သည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေအလွင့် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 


အလားတူ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်တို့က ဆက်လက်ဆွေးနွေးကြသည်။

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို မေ ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


အောင်ရဲသွင်၊ အေးအေးသန့်