ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၂၀  မေ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ ဝန်ဆောင်မှု ကုန်သွယ်ရေးသဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများပိုမိုရရှိနိုင်ခြင်း၊ အလုပ်အကိုင်များပိုမိုဖန်တီးနိုင်ခြင်းနှင့် နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိနိုင်သည့်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် (၃၅) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အခြားအာဆီယံနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်း ရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် တစ်နိုင်ငံလုံးတွင် ဓလေ့စရိုက်သဖွယ် ပျံ့နှံ့နေသော အဂတိလိုက်စားမှုစနစ်ဆိုးကိုတိုက်ဖျက်ရာတွင် မိမိတို့ကော်မရှင်အနေဖြင့် ချဉ်းကပ် နည်း(၃)နည်းကို အသုံးပြုလျက်ရှိပါကြောင်း၊ ပထမချဉ်းကပ်နည်းမှာ အဇ္ဇျတ္တစေ့ဆော်မှု၊ ဒုတိယချဉ်းကပ်နည်းမှာ မိသားစုစေ့ဆော်မှုနှင့် တတိယချဉ်းကပ်နည်းမှာ ဗဟိဒ္ဓစေ့ဆော်မှုတို့ဖြစ်ပါကြောင်း။

 

ကိုယ်စားလှယ်တော်ကြီးများ ဝေဖန်ထောက်ပြသည့်အချက်မှာ  တိုင်ကြားစာ ၁၀၅၄၃ စောင်တွင် ၄၆ မှုကိုသာကော်မရှင်က စုံစမ်းစစ်ဆေးတရားစွဲဆိုနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၁၇၉၅ စောင်သည် အမှုမှန်မပေါ်ပေါက်ခြင်း၊ ထိုက်တန်စွာအရေးယူခံရမှုမရှိဘဲ ဖြစ်နိုင်သည်ကို စိုးရိမ်ခြင်းနှင့် အရေးယူဆောင်ရွက် ပေး၍မရသော တိုင်ကြားစာ ၂၈၂၄ စောင်ကို သိလိုကြခြင်းပင် ဖြစ်ပါကြောင်း၊ ကော်မရှင်သည် တစ်နှစ်လုံးတွင်(၄၆)မှု သာအရေးယူနိုင်ခဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ တွင်ဖြစ်သင့်သည်ထက် များစွာနည်းသည်မှာ မှန်ပါကြောင်း။

 

ကော်မရှင်တွင် လူသားအရင်းအမြစ်၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံ အားနည်းချက်များက အကြောင်းရင်းတစ်ရပ်အဖြစ်ပါဝင်ပါကြောင်း၊ အမှုတစ်ခုကို စစ်ဆေးရာတွင် အမှု အသေးအကြီးပေါ်မူတည်ပြီး ကော်မရှင်အဖွဲ့ဝင် တစ်ဦးမှ ခေါင်း ဆောင်၍ ဝန်ထမ်းဦးရေ (၁၀)ဦးမှ (၁၅)ဦးအထိအသုံးပြုရပါကြောင်း၊ ပြစ်မှုဖြစ်ပွားရာ ဒေသများတွင် လနှင့်ချီ၍ စစ်ဆေးရသည်များရှိပါကြောင်း၊ ကော်မရှင်၏ မူလဖွဲ့စည်း ပုံအရ တစ်ပြိုင်တည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ (၅)ဖွဲ့ထက်ပို၍ မစေလွှတ်နိုင်ပါကြောင်း၊ တိုင်ကြားထားသောအမှုသည် ကြာပြီဆိုပါက ခိုင်လုံသောသက်သေများနှင့် သက်သေ ခံအထောက်အထားများကို ခက်ခဲစွာရှာဖွေရပါကြောင်း၊ ထို့ကြောင့် တစ်နှစ်တွင် (၄၆)မှုသာ အရေးယူနိုင်ခဲ့သည်မှာ မိမိတို့၏စွမ်းဆောင်ရည်ကို  အမြင့်ဆုံး အသုံးပြု ထားရသည်ကို ကိုယ်စားလှယ်များအနေဖြင့် တွက်ချက်ကြည့်ပါက တွေ့မြင်နိုင်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျော်စောသတင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုနည်းခြင်းကိုလည်း ထောက်ပြထားပါကြောင်း၊ ကျော်စောသတင်း ဆိုသည်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ဂ)အရ အများပြည်သူ အကြား ကျယ်ပြန့်စွာပျံ့နှံ့နေပြီး အဂတိလိုက်စားမှုဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း ကို သင်္ကာမကင်းဖြစ်သည့်အပြင် ခိုင်လုံသော အထောက်အထားရှိမှသာ ကော်မရှင်မှ သတ်မှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်သည် အများပြည်သူများအကြား ကျယ်ပြန့် စွာပျံ့နှံ့နေသည့် သတင်းဖြစ်လာပါက ထိုသတင်းကို မျက်ခြေပြတ်မခံဘဲ စူးစမ်းလေ့ လာမှု အမြဲပြုလုပ်လျက်ရှိပါကြောင်း။

 

ထို့ကြောင့် လွှတ်တော်ကိုယ်စာလှယ်များ၏ ဆွေးနွေးချက်များမှ လိုက်နာ ဆောင်ရွက် နိုင်သော အချက်များအား အစီရင်ခံစာ အခန်း(၅) ၂၀၁၉ခုနှစ် အတွက် ရှေ့လုပ်ငန်းစဉ်တွင် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၁၈ခုနှစ် နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင်ပေး ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ကော်မရှင်၏နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၏ ပြန်လည်ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော မြို့ပြ ဖွံ့ဖြိုး ရေးစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရေး နှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာကို ဖတ်ကြား တင်ပြသည်။

 

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးကိစ္စကို  အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၅၂၁မဲ၊ ကန့်ကွက်မဲ ၁၅မဲနှင့် ကြားနေမဲ ၇မဲ ဖြစ်၍ ထောက်ခံမဲများသဖြင့် သဘောတူအတည်ပြုကြောင်းနှင့် အဆိုပါ ချေးငွေကို ရယူအသုံးပြုမည့် ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ၏ အကြံပြုဆွေးနွေးချက်များကိုပါ အလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီး မြှုပ်နှံမှုသဘောတူစာချုပ်ကို ပြင်ဆင်သည့် စတုတ္ထအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးနိုင်ရန်နှင့် အတည်ပြုနိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) တို့က ဆွေးနွေးကြသည်။

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ယခုရေးထိုးမည့် အခြေပြစာချုပ်၌ အာဆီယံ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံရမည့်လုပ်ငန်း ၅မျိုးတွင် မိမိတို့နိုင်ငံအနေဖြင့် အခွင့်အရေးရရှိ လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခင်ကခွင့်ပြုခဲ့သည့် မြစ်ဆုံဆည်စီမံကိန်း၊ ဖားကန့်ကျောက်စိမ်းထုတ်လုပ်မှုစီမံကိန်းများ၊ ပြဿနာများဖြစ်ခဲ့သည့် လက်ပံတောင်း တောင်ကိစ္စရပ်များ၊ နိုင်ငံ၏သဘာဝသယံဇာတ သစ်တောများပြုန်းတီးပြီး ရာသီဥတု ဖောက်ပြန်မှုများနှင့် ဂေဟစနစ်ပျက်ယွင်းမှုများကြုံခဲ့ရမှု စသည့်ကိစ္စရပ်များ နောက်ထပ် မဖြစ်ပွားစေရန်အတွက် ပြင်ဆင်ရေးဆွဲသင့်သည်များကို ထည့်သွင်းပြင်ဆင်ရန်နှင့် အလုပ်လက်မဲ့ ပြဿနာများကို ဖြေရှင်းကူညီနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် အဆင့်မြင့် ထုတ်ကုန်များထုတ်လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ ပို၍ဝင်ရောက်လာနိုင် မည့် ပြင်ဆင်ချက်များလည်း ထည့်သွင်းစဉ်းစားထားသင့်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွက်သာမက အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် ပြင်ဆင်ချက်စာချုပ်တွင် လက်မှတ်ရေးထိုးအတည်ပြုနိုင်ရေးအတွက် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂ ဗေဒ)က စာချုပ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် တစ်နိုင်ငံချင်းစီအပေါ်တွင် ပေးထားသည့် ဖြေလျှော့သည့်ပုံသဏ္ဍာန်မတူညီသည့် အခြေအနေကြောင့် စာချုပ်များတွင် လက်မှတ်ရေးထိုးရာ၌ ဖြစ်လာမည့်အကြောင်းတရားများကိုလည်း ကြိုတင်ဖြေရှင်းရန် လိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ စက်မှုကဏ္ဍသည် ယခုအချိန်တွင် သုညအခြေအနေတွင် သာရှိပါကြောင်း၊ သုညရှိသည့်အချိန်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ၊ ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှုများနှင့် လွတ်လပ်စွာ စီးဆင်းသည့် စာချုပ်များကြောင့် အမြင်ကျယ်ကျယ်ဖြင့် ကြည့်တတ်ရန်လိုအပ်ပါ ကြောင်း၊ ရင်းနှီမြှုပ်နှံမှု၊ ကုန်သွယ်မှုစာချုပ်များ ချုပ်ဆိုလိုက်သည့်အခါ တိုင်းပြည်မှ ပေးဆပ်ရမည့်အရာများ များစွာရှိနိုင်ပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာ တွင် အာဆီယံဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား ပြင်ဆင်သည့် စတုတ္ထအခြေပြ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးအတည်ပြုခြင်းဖြင့် အခြားအာဆီယံအဖွဲ့ ဝင်နိုင်ငံများနည်းတူ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံရင်းနှီးမြှုပ်နှံမှုဘက်စုံသဘောတူစာချုပ်အား ပြင်ဆင်သည့် စတုတ္ထအခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒသမနေ့ကို မေ ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်