နေပြည်တော် ၂၈ သြဂုတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးပေးပို့ တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်က ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ လုပ်ငန်းစဉ်များသည် ယနေ့အချိန်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအတွက် လိုက်နာရမည့် ဥပဒေပုဒ်မများကို လိုက်နာနိုင်သည့် အဆင့်သို့ပင် မရောက်သေးသည်ကို တွေ့ရပါကြောင်း၊ ပြင်ဆင်ရန် အကြံပြုချက် ၃၇၆၅ ချက်ကို ဥပဒေမူကြမ်းအဖြစ် ပြုစုနိုင်ရန်လည်း အချိန်ယူ ညှိနှိုင်းကြရဦးမည် ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၅ ပါအတိုင်း ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်အုပ်လုံးကို ပြင်ဆင်ရန် လေ့လာစိစစ်ခြင်း လုပ်ငန်းစဉ်များသည် အနှစ်သာရရော လားရာပါ မတူနိုင်သကဲ့သို့ ပြင်ရန်လွယ် ကူမှုနှုန်းလည်း မတူနိုင်သည့်အတွက် ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြင်ဆင်ခြင်း ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အတိုင်းသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်က ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်သည့် ဥပဒေဖြစ်ပြီး မိမိတို့မိသားစုများ မှီတင်းနေထိုင်ကြသည့် အိမ်ကြီးနှင့် တူပါကြောင်း၊ မိမိတိို့အိမ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ပြုပြင်လိုပါက ပြုပြင်နိုင်ပါကြောင်း၊ အိမ်ဟောင်းကိုဖြိုပြီး အိမ်သစ်ဆောက်လိုပါက မိမိတို့မိသားစုက ယာယီရွေ့ပြောင်း နေထိုင်ကြပြီးမှသာ အိမ်ဟောင်းဖြို၍ ရပါကြောင်း၊ ထို့ကြောင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက်အတိုင်းသာ ပုဒ်မတစ်ခုပြီးမှ တစ်ခုပြင်စေ လိုပါကြောင်း၊ ဥပဒေစာအုပ် တစ်အုပ်လုံးကို ပြင်ဆင်ရန်မှာ ကြားဖြတ်အစိုးရတစ်ရပ် ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုသာ ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအစီရင်ခံစာအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမိုးမြင့်အောင်၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဒေါ်သူဇာရွှေတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်း အစီအစဉ် ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အစီအစဉ်များ ဆက်လက်ဆောင်ရွက်မည့် နေ့ရက်ကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် နမ္မတူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး အစား မိုင်းကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်း အား အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို တင်ပြ၍ လွှတ်တော်၏ သဘောတူညီချက် ရယူသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ စာချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ နောက်ဆက်တွဲစာချုပ်ကို အတည်ပြု ပါဝင်ခြင်းအားဖြင့် လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေကြသည့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကလေးသူငယ်များ၏ အခွင့်အရေးကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ပိုမိုကာကွယ်ပေးရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ပိုမိုပြသနိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို နှစ်စဉ်တင်သွင်းလျက်ရှိသည့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘော ထင်ဟပ်ဖော်ပြနိုင်ရေးအတွက်လည်း ကောင်းများစွာ အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ယင်းအခြေပြစာချုပ်သို့ အတည်ပြုပါဝင်ရန် သင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်က စီးပွားရေးတိုးတက်မှုကို အလျင်အမြန် လှုံ့ဆော်ရန်အတွက် အခွန်နှုန်းထားများ လျှော့ချခြင်းအားဖြင့် အခွန်ဆောင်နိုင်စွမ်းနှင့် အခွန်ဆောင်လိုစိတ်များ မြှင့်တက်လာနိုင်သောကြောင့် အခွန်ထမ်းမှု အခြေအနေ ချဲ့ထွင်ရာ ရောက်သည့်အပြင် အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အခွန်ကောက်ခံမှု ပမာဏလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးမူဝါဒ နည်းလမ်းအပြင် ငွေရေးကြေးရေး မူဝါဒနည်းလမ်းဖြင့် စီးပွားရေး တိုးတက်မှုကို နှိုးဆွရန်အတွက် အတိုးနှုန်းများ လျှော့ချခြင်း၊ လှည့်ပတ်စီးဆင်း ငွေကြေးပမာဏ တိုးမြှင့်ခြင်းကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်မှသာ စီးပွားရေး လုပ်ငန်းဆောင်တာများ လျင်မြန်သွက်လက်လာပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် လှုံ့ဆော်နိုင်မည်ဖြစ်ပါကြောင်း။
တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေကို အရှိအတိုင်း သုံးသပ်ပြီး မူဝါဒတုံ့ပြန်မှုများအဖြစ် အစိုးရကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ အခွန်နှုန်းထားများ လျှော့ချခြင်း၊ လည်ပတ်စီးဆင်းငွေပမာဏ တိုးမြှင့်ခြင်းနှင့် အတိုးနှုန်း လျှော့ချခြင်းတို့ကို တပြိုင်နက်တည်း ဆောင်ရွက်ပြီး စီးပွားရေးနှေးကွေးမှုကို ထိထိရောက်ရောက်နှင့် အလျင်အမြန် ကုစားရန် အလေးနက်ထား တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် ဖွံ့ဖြိုးမှု ရည်မှန်းချက်၊ လျာထားချက်များကို ပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် စိစစ်သုံးသပ် ခွင့်ပြုရသည့် လုပ်ငန်းများ ရှိသကဲ့သို့ လျာထားချက်မမှီသော၊ လျော့နည်းသော၊ မအောင်မြင်သော၊ မပြီးပြတ်သော၊ မဆောင်ရွက်နိုင်သော အနုတ်လက္ခဏာရှိသည့် လုပ်ငန်းများကိုလည်း ဖော်ပြစိစစ်သုံးသပ်ရန် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့သည့် ဂျီဒီပီ လျာထားချက်နှင့် အမှန်တကယ် အကောင်အထည်ဖော်နိုင်မှု ကွာခြားချက် ကြီးမားမှုများကို သက်ဆိုင်ရာက ဖော်ထုတ်ပြင်ဆင်ရန်နှင့် မအောင်မြင်မှု၊ မပြီးစီးမှုများကို နည်းလမ်းများ ရှာဖွေပြင်ဆင်ပြီးမှသာ အတည်ပြုနိုင်ရေး ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း (မူလခန့်မှန်းခြေ) တွင် ပါဝင်သည့် အဖွဲ့အစည်းများအလိုက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အသုံးစရိတ် ပါဝင်မှုရာခိုင်နှုန်းမှာ ၂၅ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး အားလုံးထဲတွင် အများဆုံး သုံးစွဲခွင့်ပြုနေသည်ကို တွေ့ရပါကြောင်း။
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာရရှိရန် ယခုကဲ့သို့ အသုံးပြုထားခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခင်အတွေ့အကြုံများကို နမူနာယူပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြဆွေနွေး အကြံပေးမှုများကို အတတ်နိုင်ဆုံး ပြုပြင်ဖြည့်ဆည်းကာ ရည်မှန်းထားသည့် စီမံကိန်းများကို ပြည့်မီအောင် အကောင်အထည်ဖော်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လျာထားခွင့်ပြုထားသည့် ရန်ပုံငွေများကို ထိထိရောက်ရောက် အချိန်နှင့်တပြေးညီ သုံးစွဲ၍ လုပ်ငန်းများ အောင်မြင်ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည်ကို အကြံပြုလိုပါကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အားခများကို တစ်ဖက်သတ် အဆတိုးမြှင့်သင့်သည် ထက်ပို၍ ကောက်ခံလိုက်ခြင်းသည် ရာနှုန်းပြည့်အဖြေမှန် မဟုတ်သဖြင့် ဌာနအနေဖြင့် ခိုးယူသုံးစွဲမှုကြောင့် ပျောက်ဆုံးယူနစ်များနှင့် ပတ်သက်၍ ဖော်ထုတ်အရေးယူရန် ယခုထက် ပိုမိုလုပ်ဆောင်စေလိုပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများနှင့် စပ်လျဉ်း၍ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ ဆိပ်ကြီး/ ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ လင်းလင်းကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို သြဂုတ် ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်


