ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

နေပြည်တော်  ၁၆  ဇူလိုင် 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှရထားလမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများမှာ အိမ်နီးချင်းနိုင်ငံများ၊ အာရှနှင့်ပစိဖိတ် ဒေသအတွင်းရှိ နိုင်ငံများနှင့် ရထားလမ်းချိတ်ဆက်နိုင်ရေးသည် အရေးပါသည့် လုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိခြင်း၊ ကုန်းတွင်း ဆိပ်များအကြား ကုန်ပမာဏများစွာကို ရထားဖြင့် သယ်ယူပေးနိုင်ရေးအတွက် ကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ပေါ်ပေါက်လာနိုင်ခြင်း၊ နယ်စပ်များတွင် ပြတ်တောက်နေသည့် ရထားလမ်းများကို ချိတ်ဆက်နိုင်ရေးအတွက် နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိနိုင်ခြင်းတို့ဖြစ်ပါကြောင်း။

 

အာရှရထားလမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း (၂၂) နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ပါကြောင်း၊ (၁၉)နိုင်ငံ အတည်ပြုလက်ခံကျင့်သုံး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် အာရှရထားလမ်းကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရေးနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ပေးပို့ခွင့်ပြုနိုင်ရေးအတွက် လက်ခံသဘောတူ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်းကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံနှင့် နီကာရာဂွါ သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် နီကာရာဂွါသမ္မတနိုင်ငံသည် ပထဝီအနေအထားအရ မြန်မာနိုင်ငံနှင့် အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်သွယ်မှု ထူထောင်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းပွင့်လာပြီး ယင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသည့် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများ ဖြစ်ပေါ်လာပါကလည်း ကူညီပံ့ပိုးရန် ပိုမိုအဆင်ပြေလွယ်ကူ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံနှင့် နီကာရာဂွါ နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်ရေးကို ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၄ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ကုန်းတွင်းဆိပ်များ ဖွံ့ဖြိုးတိုးတက်လာပါက ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်ခြင်း၊ မြန်မာနိုင်ငံသည် မဟာဗျူဟာအချက်အချာကျပြီး အာရှတိုက်ကြီး၏ ဆုံချက်နေရာတွင် တည်ရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မြန်ဆန်လာမည်ဖြစ်ခြင်း၊ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများသို့ ဆက်သွယ်၍ ကုန်ပစ္စည်းများအပြန်အလှန် ပို့ဆောင်နိုင်မည့်အပြင် ရထားဖြင့် ကုန်စည်ပို့ဆောင်မှု အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ခြင်း၊ ကွန်တိန်နာပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ခြင်း၊ ဆိပ်ကမ်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်များကို လျှော့ချနိုင် မည်ဖြစ်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ရေထွက်ကုန်ပစ္စည်းများကို အအေးခန်းကုန် သေတ္တာဖြင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရာတွင် ပစ္စည်းအရည်အသွေးမပျက်စီးစေမည့် Cool Chain Logistics ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အချိုးညီညီ ဆက်စပ်ဆောင်ရွက်နိုင်မည် ဖြစ်ခြင်းဆိုသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ကုန်းတွင်းဆိပ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အစိုးရများအကြား သဘောတူစာချုပ်ကို အတည်ပြုလက်ခံကျင့်သုံးပေးရန် လိုအပ်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ယင်းစာချုပ်တွင် မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးရေးအတွက် အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင်ဆွေးနွေးရန်လျာထားပါကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်မြို့တော်ရေဖူလုံ ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် ဆွေးနွေးရန်လျာထားပါကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျေးလက်ဒေသလျှပ်စစ် ဓာတ်အားရရှိမှု မြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ ကလွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၄ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော အလုပ်အကိုင်လောကတွင် အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် - ၁၉၀ (၂၀၁၉) နှင့် တိုက်တွန်းချက်အမှတ် - ၂၀၆ (၂၀၁၉)တို့ကို မှတ်တမ်းတင်နိုင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကလွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၄ ရက်တွင် ဆွေးနွေးရန်လျာထားပါကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေများနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးမျိုးဝင်း က  အဆိုပါ အခွန်ရငွေများနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာ (၇/၂၀၂၀)ကိုဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ နည်းဥပဒေခွဲ(ဃ) (င) တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၀)ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက  နိုင်ငံတော်သမ္မတ၏ (၁/၂၀၂၀) အမိန့်သည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးလုပ်ငန်းများ တုံ့နှေးရပ်ဆိုင်း နေမှုများကို အထောက်အကူပြုနိုင်ရန်နှင့် အလုပ်လက်မဲ့ပြဿနာ တိုးတက်လာမှုအန္တရာယ်ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့်  ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မူလ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်၀စေရေးအတွက်  ဥပဒေကဲ့သို့ အာဏာတည် သည့်အမိန့်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၅ /၂၀၂၀) ပါသတ်မှတ်ချက်များ၏ လိုအပ်ချက်၊ အားနည်း ချက်များကို သေချာစွာ ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ် မှုအထောက်အကူပြုလာနိုင်စေရေး၊ မမှန်မကန်ဆောင်ရွက်မှုများကို တားဆီးနိုင်စေရေးနှင့် အလုပ်လက်မဲ့ ပြဿနာများ ဖြေရှင်းဆောင်ရွက်နိုင်စေရေးတို့အတွက် ပြင်ဆင်သင့်၊ ဖြည့်စွက်သင့် သည် များကို ပြန်လည် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ယင်းဥပဒေဆိုင်ရာအမိန့်နှင့် စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲတင့်အောင်နှင့် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ယင်းနောက် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည် အစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၄/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းတို့က ဆွေးနွေးကြသည်။

 

ထို့နောက် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ (၅/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို နှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆွေးနွေးကြသည်။

 

ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး က ယခုပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတင်ပြသည့်အခါတွင် တာဝန်ရှိသူများအနေဖြင့် ယခုထက်ပိုမို စိစစ်ပြီး ပြည့်စုံစွာ တင်ပြစေလိုပါကြောင်း၊ သဘောထားမှတ်ချက်တင်ပြအစီ ရင်ခံသည့် အခါ စီးပွားရေးလုပ်ငန်းအချို့ကို ကွင်းဆင်းလေ့လာစိစစ်ပြီး ဌာနများ၏ အားသာချက်၊ အားနည်းချက်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖော်ထုတ်တင်ပြပေးကာ အားနည်း ချက်များ ထပ်မံမဖြစ်စေရန် မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် မှ အစိုးရအဖွဲ့သို့ အကြံပြုသုံးသပ်ချက်များ ဖော်ပြပေးပါက ပိုမိုထိရောက် ကောင်းမွန်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁၇ ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်