ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ 

ထားဝယ် ၂၆ မတ် 


ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉)(တတိယနေ့)ကို ယနေ့နံနက် ၁၀:ဝ၀နာရီ   က ထားဝယ်မြို့၊ တိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ  ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူ သတင်းမီဒီယာ(၂၀)တို့ တက်ရောက်ကြသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လစ်လပ်လျက်ရှိသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီး(၃)ဦး ခန့်အပ် တာဝန် ပေးအပ်ရန် အမည်စာရင်း အဆိုပြုတင်သွင်းထားမှုအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခြင်းဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။


ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ လစ်လပ်လျက်ရှိသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး (၃)ဦးခန့်အပ်တာဝန်ပေးအပ်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဦးအောင်သူရ၊ တနင်္သာရီမဲဆန္ဒနယ် အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးလှထွေး၊ ရေဖြူ မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အား သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဒေါ်ရီရီချို၊ မြိတ်မဲဆန္ဒနယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အားစီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ အမည်စာရင်း တင်သွင်းလာမှုအပေါ် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၅၂၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၀ တို့အရ တိုင်းဒေသကြီးလွှတ်တော်၏သဘောတူညီချက်ရယူခဲ့သည်။


ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ရန် မရှိပါသဖြင့် လွှတ်တော် က သဘောတူကြောင်း အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၉) စတုတ္ထနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ထပ်မံ အကြောင်းကြားသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN