ရန်ကုန် ၂၂ ဖေဖော်ဝါရီ

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၄) ကြိမ် မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ စက်မှုဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၅) ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်း၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်း ကော်မတီ(၅) ရပ် ဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယနေ့ကျင်းပသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲသည် (၂၄) ကြိမ်မြောက်ဖြစ်ပြီး ယခင်ကျင်းပပြီးစီးခဲ့သည့် (၂၃) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြု တင်ပြချက် အားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်များအပေါ် ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပမာအားဖြင့် ပြီးခဲ့သည့် (၂၃) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်များ အသင်းချုပ်က ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် အမျိုးအမည် ဖော်ပြချက်တွင်“ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး ” ဟု ဖော်ပြထားသဖြင့် ဒိန်ချဉ်မပါဘဲ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရခြင်းတို့ကြောင့် ဒိန်ချဉ်အပါအဝင် အခြားနို့ထွက်ပစ္စည်းများ အကျုံးဝင်စေရန်အတွက်“ နို့နှင့် နို့ထွက်ပစ္စည်းများ ”ဟုပြင်ဆင်သတ်မှတ် ထုတ်ပြန်ပေးပါရန် တင်ပြခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ထုတ်ပြန်သည့် အခါတွင် “ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး” အစား “ နို့နှင့် နို့ထွက်ပစ္စည်းများ” ဟု ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်းကို ပြန်လည်တင်ပြခဲ့ပါကြောင်း။

စီးပွားရေးလုပ်ငန်းရှင်များ တင်ပြသည့် အခက်အခဲ အကြံပြုချက်အချို့သည် အချိန်ယူ၍ ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းကော်မတီ (၅) ရပ်က တာဝန်ရှိသူများ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လတာ ကာလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ (၄) လကျော် ကာလအတွင်း ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဝ၂ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ ယခုကုန်သွယ်မှု ပမာဏသည် ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ သုညဒသမ ၂၁၆ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ကုန်သွယ်မှုပမာဏတွင် Trade Balance ဖြစ်စေရန်အတွက် ပို့ကုန်များကို ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်ရမည့်အပြင် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ (၅) လ အတွင်း ၃၀၆ ကြိမ် ဖမ်းဆီး အရေးယူနိုင်ခဲ့ပါကြောင်း။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် ဝင်ရောက်စေရန်အတွက်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ဟောင်ကောင်၊ မကာအို၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံများသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးဆွေးနွေးဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်မှာ “ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ပြီး လူမှုစီးပွားဘဝများ မြင့်မားလာစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာစေရန် ” ဖြစ်ပါကြောင်း။

Doing Business နှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်က ထုတ်ပြန်မည့် Doing Business 2020 Report တွင် ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်း စဉ်းစားမည် ဖြစ်သည့်အတွက် ကျန်ရှိသည့် (၂) လကျော် ကာလအတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို သတ်မှတ်ချိန်အမီ ပြီးစီးရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စစ်တမ်းမေးခွန်းလွှာများကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်သူများနှင့် ပြည်သူများ သိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဝန်ကြီးဌာနအနေဖြင့် ကားလမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များကို ပိုမိုအဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ အိမ်နီးချင်းနိုင်ငံအချို့နှင့် Cross Border Transport ကိစ္စ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs ပြပွဲနှင့် ပြိုင်ပွဲများ ဆောင်ရွက်နေမှု၊ MSMEs လုပ်ငန်းများအတွက် ချေးငွေရရှိရေး ဆောင်ရွက်ပေးနေမှု၊ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှု၊ သံနှင့်သံမဏိလုပ်ငန်းများ စံချိန်၊စံညွှန်း သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဆွေးနွေးမည့် ကဏ္ဍ (၄) ခုသည် တိုင်းဒေသကြီးအတွက် အလွန် အရေးကြီးပါကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊  ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လှိုင်၊ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်)အဖွဲ့ဝင် ဦးကိုကိုကြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးတို့ကသက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။    
အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)

 

mdn