နေပြည်တော် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပရာ ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ “(၂၁)ရာစုပင်လုံ”မှသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံသားအားလုံး “စည်းလုံးညီညွတ်စွာ”ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ကောင်းမွန်သောပညာရေးနှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက် ၅ ရပ်ဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။
ရှေးဦးစွာ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုနံနက် ၅ နာရီခွဲတွင် ကျင်းပရာ တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်သည်။
ယင်းနောက် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားသို့ တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှစတင်၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။
နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။
ယင်းနောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတဦးမြင့်ဆွေက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီးဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။
ထို့နောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဒုတိယသမ္မတဦးမြင့်ဆွေက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


