နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း တက်ရောက် ဆွေးနွေးမှာကြားသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သက်တမ်းအားဖြင့် ၂၈ နှစ်ရှိပြီဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(IPRD)သည် နိုင်ငံအတွက် အားကောင်းမောင်းသန် ဌာနတစ်ခုဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည်များကို သုံးသပ်၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန်ချမှတ်သွားရန် လိုအပ်ပါကြောင်း၊ ပြောင်းလဲနေသည့် ခေတ်ကာလနှင့်အညီ လိုအပ်ချက်များ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။
လူထုအခြေပြုဗဟိုဌာန(Community Centre) များကို ပြည်သူများအတွက် အမှန်တကယ် အသုံးဝင်သည့် လူထုအခြေပြုဗဟိုဌာနဖြစ်အာင် ဒေသအာဏာပိုင်များ၊ အစိုးရဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး၊ အခြေအနေပေးခဲ့ပါက အားကစားနှင့် ကိုယ်ကာယကြံ့ခိုင်ရေး အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ပေးရေး၊ စာကြည့်တိုက်များရှိ စာအုပ်စာစောင်များကို စနစ်တကျ ထိန်းသိမ်းထားပြီးစာကြည့် အသုံးပြုသူတိုးပွားလာစေရေး၊ ဒေသတွင်းမှ သတင်းများ ရေးသားရာတွင် ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို မီဒီယာ ကျင့်ဝတ်နှင့်အညီ စနစ်တကျ ရေးသားပေးပို့ရေး၊ ပြည်သူ့စကားဝိုင်းများကို ပြည်သူများ၏ အသံကို ပြန်လည်ဖော်ပြခြင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းများပို့ချရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ ပညာရပ် (Media and Information Literacy) ပြန့်ပွားရေးအတွက် ဆင့်ပွားသင်တန်းများဖွင့်လှစ်ရေး၊ သင်တန်းတွင် လေ့လာသင်ယူခြင်းတို့နှင့် စပ်လျဉ်း၍ ကြိုးပမ်းအားထုတ်သွားကြရန် မှာကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ တစ်နှစ်တာကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ၊ အားသားချက်/အားနည်းချက်၊ သုံးသပ်အကြံပြုချက်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်တို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် ကန့်သတ်ချက်နှင့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)


