နေပြည်တော် ဒီဇင်ဘာ ၂၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆည်တော်ကြီး ရေလှောင်တမံ ကြံ့ခိုင်မှုအတွက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိမှုနှင့် ပြုပြင် ဆောင်ရွက်သွားမည့် အစီအမံများ၊ တမံအတွင်း ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ မိုးစပါး အောင်ရေအတွက် ရေပေးဝေခဲ့မှု၊ မန္တလေး၊ မတ္တရာ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေရန် လျာထားမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ထပ်မံစစ်ဆေးရန် လိုအပ်သည့်နေရာများကို အသေးစိတ်စစ်ဆေးရန်၊ စိုက်ပျိုးရေ အပြည့်အဝ ပြန်လည်ပေးဝေနိုင်ရေးအတွက် ရေပေးတူးမြောင်းများကို စစ်ဆေးပြီး လိုအပ်သည့်ပြုပြင်မှုများ ဆောင်ရွက်ကြရန်၊ ပုံမှန်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန်၊ ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ကြံ့ခိုင်ရေးကို Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများကို အမြဲမပြတ် ဆောင်ရွက်ကြရန်၊ စောင့်ကြည့် တိုင်းတာ စစ်ဆေးမှုအစီအရင်ခံစာပါ Dam Monitoring Report ကို ပုံမှန်တင်ပြရန်နှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကွန်ကရစ်တမံနှင့် မြေသားတမံ၏ ကြံ့ခိုင်မှု၊ ရေတံခါးကြံ့ခိုင်မှု အခြေအနေများ၊ ရေတံခါး အဖွင့်အပိတ် လုပ်ဆောင်နေမှုနှင့် ကွန်ကရစ်တမံစစ်ဆေးရေး ဥမင်လိုဏ်ခေါင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ယင်းနောက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုနှင့် ရေအားလျှပ်စစ် ထိန်းချုပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူက ဆည်တော်ကြီး ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ၏ စက်ရုံဆိုင်ရာအချက် အလက်များနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု၊ ဝန်ထမ်းများ အလုပ်ခွင်အတွင်း လက်ရှိတာဝန် ထမ်းဆောင်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ဒုတိယဝန်ကြီးသည် ဆည်တော်ကြီးရေလှောင်တမံမှ ဧက ၁၂၀၀၀ တိုးချဲ့ ရေပေးဝေမည့် ဆောင်ရွက်ဆဲ ဆည်တော်ကြီး လက်ယာတူးမြောင်းအသစ်သို့ သွားရောက်၍ ဆောင်ရွက်ပြီး ရေထိန်းမျှော်စင်နှင့် ရေထုတ်ပြွန်ကို ကြည့်ရှုစစ်ဆေးပြီး မတ္တရာမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးနှင့် စက်မှုလယ်ယာဦးစီးဌာနရုံးများသို့ သွားရောက်၍ တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်