နေပြည်တော် စက်တင်ဘာ ၁
    
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းများ ဖွဲ့စည်းလျက် ဆောင်းသီးနှံ ပဲတီစိမ်း၊ နေကြာ၊ ပဲပုတ် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန္နဲကျေးရွာ၌  ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရက ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများသို့ ရန်ပုံငွေထုတ်ပေးမှု၊ ပဲတီစိမ်းစိုက်ပျိုးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ ကန်ထရိုက်/ ကုမ္ပဏီများ၊ စိုက်ပျိုးရေး သမဝါယမအသင်း ဖွဲ့စည်းစိုက်ပျိုးကြမည့် တောင်သူလယ်သမားများ ညီညီညွတ်ညွတ် ပူးပေါင်း လက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ တောင်သူလယ်သမားများ လက်ဝယ်သို့ မျိုး၊ သွင်းအားစုမြေဩဇာနှင့် ပိုးသတ်ဆေးများ အချိန်မီ ရောက်ရှိရေး၊ စိုက်ဧကများ မှန်ကန်စွာရရှိရေး၊ တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးကြမည့် နေကြာသီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရေး၊ ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီးပါကလည်း လယ်ယာမြေများကို အလွတ်မထားဘဲ ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားရေးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 
    
ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ပဲခူးတိုင်းဒေသ ကြီးအတွင်း သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက ပဲတီစိမ်းစိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက် များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကံမြင့် ကျေးရွာသို့ သွားရောက်၍ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံကာ ဆောင်းရာသီ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်း၊ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ သန်လျင်၊ ထန်းတပင်နှင့် ကော့မှူးမြို့နယ်များအတွင်း ဆောင်းရာသီ ပဲတီစိမ်းစိုက်ဧက (၄၅၁၀၉) ဧကရှိပြီး သုံးခွမြို့နယ် သည် စိုက်ဧက (၂၉၇၄၁) ဧကဖြင့် အများဆုံးစိုက်ပျိုးသော ဒေသဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)