နေပြည်တော် ဒီဇင်ဘာ ၁၄

 

ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ Amamtara Siam Bangkok Hotel ၌ ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၄)ကြိမ်မြောက် အာဆီယံကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

 

ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် Amamtara Siam Bangkok Hotel ၌ ကျင်းပ ပြုလုပ်သော (၇) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ INGOs၊ NGOs နှင့် Private Sector များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သော INGOs/ NGOs နှင့် Private Sector များအား ဆုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် Organization for Building Better Society (BBS) နှင့် Pro Engineering Co.,Ltd. တို့က (၇) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုကို လက်ခံရရှိကြသည်။

 

ဒီဇင်ဘာ ၁၂ ရက်တွင် (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးက မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ဘက်စုံ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ကိုက်ညီသည့် အားလုံး ပူးပေါင်းပါဝင်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာသည် ကျေးလက်လူထုအား စွမ်းဆောင် ရည်မြှင့်တင်ပေးခြင်းဖြင့် တီထွင် ဆန်းသစ်မှုများ ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးကာ အားလုံးပူးပေါင်း ပါဝင်သည့် ကျေးလက်ဒေသအသွင် ကူးပြောင်းရေးအတွက် စီးပွားရေး ပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပြည်သူ့စွမ်းအား၊ ဒေသခံများ၏ စွမ်းဆောင်ရည်နှင့် အသိ ပညာ၊ တီထွင်ဆန်းသစ်မှုတို့၏ ပေါင်းစည်းမှု ရလဒ်စွမ်းအားကို လက်ကိုင်ပြု၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် အစီအစဉ် ချမှတ်ထားပြီးဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များမှာ ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် ဦးဆောင်ခွင့်များ ကို အလေးထားဆောင်ရွက်ရန်၊ ကျေးရွာလူထုအား ၎င်းတို့ကိုယ်တိုင် အရေးပါသော အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဦးစားပေးရွေးချယ်သတ်မှတ်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အားလုံးပူးပေါင်း ပါဝင်အားထုတ်မှုများအပေါ် မိမိတို့၏ ခိုင်မာသော ကတိကဝတ်များကို ထပ်လောင်းအတည်ပြုကြောင်း၊ မည်သူ တစ်ဦးတစ်ယောက်မျှ နောက်ကျ ကျန်ခဲ့မှုမရှိစေရေး အာဆီယံအသိုက်အဝန်း၏ ကတိကဝတ်ကို အကောင်အထည်ဖော် နိုင်ရန်အတွက် မိမိတို့အားလုံး စုပေါင်းစိတ်ဓာတ်ဖြင့် ရှေ့ဆက် ချီတက်ကြပါစို့ဟု အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အမှာစကား ပြောကြားခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် များက(၂၂)ကြိမ်မြောက် အာဆီယံ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှ တင်ပြသည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်များအပေါ် မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ The Sustainable and Crafts Institute သို့ သွားရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟ ဇာတဖြစ်သော ပစ္စည်းများကို အသုံးပြု၍ ရိုးရာလက်မှုပညာကို ခေတ်မီဆန်းသစ်မှုနှင့် ပေါင်းစပ် ထိန်းသိမ်းထားမှု၊ လက်မှုပညာရှင် အသိုင်းအဝိုင်းများ၏ စီးပွားရေးဆိုင်ရာ ရပ်တည်နိုင်မှုကို မြှင့်တင်ပေးမှု၊ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းထားရှိမှုတို့ကို လေ့လာကြည့်ရှုခဲ့ ကြသည်။

 

ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်