တံတားဦး ၂၆ ဖေဖော်ဝါရီ  


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကမ်းပါးပြိုခြင်းကာကွယ်နိုင်ရန် ရည်ရွယ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက လက်ဆောင်ယူကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပါး တစ်လျှောက် တွင် စုပေါင်းသစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။


တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများတွင် ယခင်နှစ်များက မြစ်ကမ်းပါး ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ နှောင်နှစ်များတွင် ယင်းသို့ မဖြစ်ပွားရေးအတွက် ရေရှည်မျှော်မှန်းကာ ဧရာဝတီ မြစ်ကမ်းပါး ပြိုနိုင်သည့် နေရာများအား မြစ်ကမ်းပါးပြိုခြင်းအန္တရာယ်မှ ထိန်းသိမ်းသစ်ပင်များဖြစ်သော မအူပင် ၂၅၀ နှင့် ဗာတီဘာမြက်ပင် ၅၀ တို့အား တပျော်တပါး စိုက်ပျိုးကြသည်။ 


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြစ်ကမ်းပါးတစ်လျှောက် ကျေးရွာနေပြည်သူများ၊ လက်ဆောင်ယူ၊ ဥယျာဉ်၊ မြေငူကျေးရွာတို့မှ ဒေသခံပြည်သူများ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ရဲတင့်