မန္တလေး ၁၁ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဒေါင်းကျွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ကိုလိုနီခေတ်က နစ်မြုပ်ခဲ့သည်ဟုယူဆရသော သင်္ဘောပျက် တစ်စင်းတွေ့ရှိထားကြောင်း သိရသည်။

 

အဆိုပါသင်္ဘောကို ၂၀၁၈ ခုနှစ်ကစတင်တွေ့ရှိထားကာ ဆယ်ယူရန်အတွက် တင်ပြထားသော်လည်း ကန့်ကွက်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

" သင်္ဘောကိုဆယ်ယူရင် ရေပေါ်ပေါ်လာဖို့ ဖော့တွေအများ ကြီးသုံးရတဲ့အတွက် အခြားသင်္ဘောတွေ သွားမရဘဲ ရေလမ်းကြောင်းပိတ်နိုင်တယ်။ ဖော်တဲ့အခါမှာလည်း မြစ်ကြမ်းပြင်မှာသင်္ဘောတစ်စင်းစာ တူးထုတ်လိုက်ရတဲ့အတွက် ရေ နက်အိုးကြီးတစ်ခုဖြစ်လာပြီး ရေလမ်းကြောင်း ပြောင်းသွားနိုင်တယ် ဒါကြောင့် ကမ်းပြိုမှုတွေဖြစ်သွားနိုင်တဲ့ အချက်တွေကြောင့် ဆယ်ယူဖို့ ကန့်ကွက်ထားတာပါ " ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။

 

ဒေါင်းကျွန်းကျေးရွာသည် ဧရာဝတီမြစ် အလယ်သဲနုန်းပေါ်တွင် တည်ရှိနေသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ရေတိုက်စားပါက တိုက်စားခံရမှုများပြားနိုင်သည့် အခြေအနေတွင်ရှိကြောင်း၊ လက်ရှိတွင်လည်း ကမ်းပြိုမှုများ ဖြစ်ပေါ်နေ၍သင်္ဘောဆယ် ယူပြီးပါက မြစ်ကမ်းပြိုမှုများ ပိုမိုဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

 

မြစ်အတွင်းရှိ နစ်မြုပ်သင်္ဘောများကို ဆယ်ယူလိုပါက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နစ်မြုပ်ရေယာဉ်များ ဖော်ယူဖယ်ရှားရေး၊ ထုခွဲရောင်းချရေးနှင့် ဈေးနှုန်းစိစစ်ရေးအဖွဲ့သို့ တိုက်ရိုက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း