မန္တလေး ၁၂ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီး ဧရာဝတီ မြစ်အတွင်း၌ ရေယာဉ်များ ရေကြောင်းကျပ်မှု မဖြစ်ပေါ်စေရန် ရေလွှဲရေကာများ တည်ဆောက်ခြင်းနှင့် သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မြစ်ရေနည်းပါးချိန်တွင် မြစ်ကြောင်းကျဉ်း၍ ရေလမ်း ကြောင်းကျပ်ခြင်း၊ ရေအနက်တိမ် ခြင်းများဖြစ်ပေါ်သည့်အတွက် ယခုနှစ် နွေကာလ၌ ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများ အနေဖြင့် ရေလွှဲရေကာနှင့် သောင်တူးခြင်းလုပ်ငန်းများကို ငွေကျပ်သိန်း ၆၂၀ဝ အသုံးပြု၍ လုပ် ဆောင်သွား မည်ဖြစ်ကြောင်းသိရသည် ။


" မြစ်ရေနည်းပြီးသောင်တွေ ပေါ်လာတဲ့အတွက် ရေကလုံးပြီး ရေလမ်းကြောင်းကျဉ်းသွားတယ်။ ရေလမ်းကြောင်းကျပ်တာ၊ သင်္ဘောသောင်တင်တာတွေဖြစ်တတ်တဲ့အတွက် ရေလမ်းကြောင်း ကောင်းမွန်ဖို့လုပ်ငန်းတွေကို ပြည်ထောင်စုဘတ်ဂျက်နဲ့ လုပ်ဆောင်သွားမယ်။ " ဟုအဆိုပါဌာန ညွှန်ကြား ရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။


ရေလမ်းကြောင်းကောင်းမွန် ရေးလုပ်ငန်းများကို စဉ့်ကူးမြို့နယ်ဆည်သည်ကျေးရွာရေလမ်း(နှစ် တန်းသွား ထန်းလုံးတိုင် Geo bags ခင်းရေကာ)၊ မတ္တရာမြို့နယ် သူဌေး ကုန်းကျေးရွာ ရေလမ်း(နှစ်တန်း သွားထန်းလုံးတိုင်Geo bags ခင်းရေကာ)၊ ကသာဆိပ်ကမ်းအဝင် ရေလမ်းနှင့် မြင်းခြံမြို့နယ် ဆီမီးခုံ ရေလမ်း(နှစ်တန်းသွား ထန်းလုံး တိုင် Geo bags ခင်းရေကာ)တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ယခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့၌ ဧရာဝတီမြစ်ရေမှာ ဒုတိယအနိမ့်ဆုံးသတိပေးရေမှတ် သို့ရောက်ရှိနေသဖြင့် ရေယာဉ်များ ရေစူးသတ်မှတ်ချက်အတိုင်း မောင်းနှင်ရန် သတိပေးထားကြောင်း အဆိုပါဌာနမှ သိရသည်။


သူရိန်လင်း