နေပြည်တော် ၁၈ ဖေဖော်ဝါရီ 

 

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွက် ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသနစစ်တမ်း ပြုလုပ်ရာ မန္တလေးမှ ဗန်းမော်အထိ လင်းပိုင် ၇၂ ကောင် တွေ့ရှိကြောင်း သိရသည်။

 

မန္တလေးမှ ကချင်ပြည်နယ် ဗန်းမော်အထိ ဖေဖော်ဝါရီ ၆ ရက်မှ ၁၆ ရက်အထိ ဧရာဝတီလင်းပိုင်သုတေသန စစ်တမ်း ကောက်ရာတွင် မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာထဲတွင် ၂၄ ကောင်၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာသစ်အဖြစ် တိုးချဲ့နိုင်ခဲ့သော မလယ်မြို့နယ်နှင့် ရွှေကူမြို့နယ် ဧရိယာကြားတွင် ၃၄ ကောင်၊ ဗန်းမော်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။

 

၂၀၁၈ ခုနှစ် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး သုတေသန စစ်တမ်းတွင် မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာတွင် ၂၆ ကောင်၊ မလယ်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြား ဧရိယာတွင် ၃၇ ကောင်၊ ဗန်းမော်ဘက်တွင် ၁၃ ကောင် စုစုပေါင်း ၇၆ ကောင် သုတေသနပြုနိုင်ခဲ့ရာ ယခုနှစ်တွင် လေးကောင်လျော့နည်းသွားကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတွင် ၂၀၁၈ ခုနှစ်သည် ဧရာဝတီလင်းပိုင်များ အသေအပျောက် အများဆုံးဖြစ်ခဲ့ပြီး ယခင်နှစ်အတွင်း ဧရာဝတီလင်းပိုင် ခြောက်ကောင်သေဆုံးခဲ့ကာ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းကလည်း ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင်များ သေဆုံးရသည့် အကြောင်းအရင်း အများစုမှာ လူ့ပယောဂကြောင့် သေဆုံးမှု အများဆုံးဖြစ်သည်။ ထိုအထဲတွင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုကြောင့် သေဆုံးခြင်းမှာ အများဆုံးဖြစ်ကြောင်း လင်းပိုင်ထိန်းသိမ်းရေး သမားများက ပြောသည်။ ယခု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး သုတေသနခရီးစဉ်တွင်လည်း လင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်းကောက်ယူမှုများကို နှစ်စဉ်ဖေဖော်ဝါရီလတွင် ပြုလုပ်လျက်ရှိပြီး ယခုနှစ် ဧရာဝတီလင်းပိုင် သုတေသနခရီးစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု ကသာမြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ ဝန်ထမ်းများ၊ ရေလုပ်သားများကလည်း ပူးပေါင်းပါဝင် စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ 

 

ဇင်ဦး(မြန်မာ့အလင်း)