ပုသိမ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီးဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍတွင်လည်း ပြည်တွင်းစားသုံးမှု ဖူလုံစေရန်သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ် ပြည်ပသို့တင်ပို့၍ ပြည်ပမှဝင်ငွေ ရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသည်။
ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ လပွတ္တာနှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များ၌ ကျားပုစွန်၊ ရေငန်ပုစွန်၊ ရေချိုပုစွန်၊ ရေချိုပုစွန်ထုပ်ကြီး၊ ပုစွန်မီးနီတို့အား အဓိကမွေးမြူ၍ လပွတ္တာမြို့နယ်တွင် ရွှံ့ဂဏန်းများ မွေးမြူလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ၊ လုပ်ငန်းရှင် စုစုပေါင်း (၃၀၀)တို့မှ ကန်အရေအတွက် (၁၂၃၅)ကန်၊ ဧရိယာ (၁၆၈၀၀ ဒသမ ၇၅)ဧကတွင် ပုစွန်ကောင်ရေ (၁၃၆၅၈၉၇၉၈)နှင့် ကုမ္ပဏီလုပ်ငန်းရှင် (၁၈)ဦးတို့မှ ကန်အရေအတွက် (၆၇)ကန်၊ ဧရိယာ (၅၀၈ ဒသမ ၇၁)ဧကတွင် ရွှံ့ဂဏန်းကောင်ရေ (၁၁၈၈၂၀၀) မွေးမြူထားရှိကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းစျေးကွက်ဖြစ်သော ရန်ကုန်မြို့သို့ ငါးမြစ်ချင်းပိဿာ (၂၅၅၉၆၈)ပိဿာ၊ ပြည်ပသို့တင်ပို့မှု (၁၃၄၇၂)ပိဿာ၊ ရန်ကုန်မြို့သို့ ငါးတန်ပိဿာ (၁၂၇၉၈၄)ပိဿာနှင့် ပြည်ပသို့ (၆၇၃၆)ပိဿာ၊ ရန်ကုန်မြို့သို့ ဂဏန်းပိဿာ (၆၆၂၆၂)ပိဿာနှင့် ပြည်ပသို့ (၃၄၈၇)ပိဿာ၊ ရန်ကုန်မြို့သို့ ရေချိုပုစွန် (၆၀၂၃၅)ပိဿာ၊ ပြည်ပသို့ (၃၁၇၀)ပိဿာ၊ ရန်ကုန်မြို့သို့ ရေငန်ပုစွန် (၁၃၀၁၁၈)ပိဿာနှင့် ပြည်ပသို့ (၁၅၈၅)ပိဿာတို့ကို တင်ပို့နိုင်ခဲ့ကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြင့်ဟန် (ပြန်/ဆက်)


