ရန်ကုန် အောက်တိုဘာ ၁၈
နိုင်ငံတော်က ခရီးသွားကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ခရီးသွားရာသီ သီတင်းကျွတ်ပိတ်ရက်ကာလ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံတို့သို့ ပြည်တွင်း/ ပြည်ပခရီးသွား ၁၀၃၅၄၄၈ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
သီတင်းကျွတ် ပိတ်ရက်ဖြစ် သော အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ လေးရက်တာ ကာလအတွင်း ပုသိမ်မြို့သို့ ပြည်တွင်း/ပြည်ပ ခရီးသွား ၄၈၈၁ ဦး၊ ငွေဆောင်ကမ်းခြေသို့ ၁၆၆၉၉ ဦး၊ ချောင်းသာကမ်းခြေသို့ ၁၅၃၉၁ ဦးနှင့် ရွှေသောင်ယံကမ်းခြေသို့ ၆၈၀ ဖြင့် စုစုပေါင်းခရီးသွား ၃၇၆၅၁ ဦး ဝင်ရောက်အပန်းဖြေ လည်ပတ်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၁၅ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင် ကမ်းခြေသို့ ၂၄၇၇၇၈ ဦး၊ ချောင်းသာနှင့် ရွှေသောင်ယံသို့ ၂၀၀၄၃၉ ဦးနှင့် ပုသိမ်မြို့သို့ ခရီးသွားများဝင်ရောက်ခဲ့ရာ ပြည်တွင်း/ပြည်ပ ခရီးသွား ၁၀၃၅၄၄၈ ဦး ဝင်ရောက်တည်းခို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၂၀၂၄ ခုနှစ် သီတင်းကျွတ် ပိတ်ရက်ဟာ ၂၀၂၅ ခုနှစ် သီတင်းကျွတ် ပိတ်ရက်ကာလ ထက် အပန်းဖြေရက်တစ်ရက် ပိုပေမယ့် ပြီးခဲ့တဲ့သီတင်းကျွတ် ပိတ်ရက်မှာ ပင်လယ်ကမ်းခြေကို ခရီးသွား ပိုပြီးဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ လာမယ့် တန်ဆောင်တိုင် ပိတ်ရက်မှာလည်း ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံမှာ အပန်းဖြေဖို့ ဟိုတယ်တွေမှာ ၆၀ ရာခိုင်နှုန်း ကြိုတင်မှာယူထားပြီးပါပြီ။ အဲဒီလထဲမှာ အမျိုးသားနေ့နဲ့ ပိတ်ရက်သုံးရက်မှာ အပန်းဖြေဖို့ အတွက်လည်း ၇၀ ရာခိုင်နှုန်းအခန်းတွေ ကြိုတင်မှာထားတာတွေ့ရပါတယ်။ အပန်းဖြေရက်နီးလာရင် အခန်းကြိုတင် မှာကြားမှု ရာခိုင်နှုန်းပိုပြီးများလာ မယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလမှာ ခရီးသွား ဝင်ရောက်ခဲ့တဲ့ အတွက် ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။ ခရီး သွားဝင်ငွေဆိုတာ အားလုံးမျှပြီး ရရှိတာဖြစ်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိတဲ့ လုပ်ငန်းဖြစ်တာကြောင့် ပွင့်လင်းရာသီမှာ ခရီးသွားပိုပြီး ဝင်ရောက်လာဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်ခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အပံ့ ကောင်းတွေရရှိစေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးအောင်သူဦးက ပြောသည်။
ခရီးသွားမှုကို နှစ်သက်ကြသည့် ပြည်တွင်းခရီးသွားများအနေဖြင့် သီတင်းကျွတ်ပိတ်ရက်ကာလ၌ ပုဂံယဉ်ကျေးမှု ဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေများသို့ တဖွဲဖွဲ ဝင်ရောက်ခဲ့ကြပြီး ပွင့်လင်းခရီးသွားရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ နိုင်ငံခြားခရီးသွားများလည်း တရိပ်ရိပ် ဝင်ရောက်လာဖွယ်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင် များက ခန့်မှန်းထားကြသည်။
ဓာတ်ပုံ - ဇွဲမာန်၊ သစ္စာ(MNA)


