ရန်ကုန် ၂၃ ဖေဖော်ဝါရီ 


Forever Group Co. Ltd မှ စာအုပ်လှူဒါန်းပွဲနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။


အခမ်းအနားတွင် Forever Group Co., Ltd မှ အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်က ဇာတ်တော်ကြီး ဆယ်ဘွဲ့စာအုပ်များနှင့် မိုးရေလှောင်ကန်စာအုပ်များ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာကျော်ဦးက စာအုပ်ရေးသားရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

123


ထို့နောက် အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်က ပန်းချီဦးဘကြည်၏ “ဇာတ်တော်ကြီး ဆယ်ဘွဲ့စာအုပ် (၆၀ဝ)၊ စာရေးဆရာ ကျော်ဦး၏ “မိုးရေလှောင်ကန်” စာအုပ် (၆၀ဝ)၊ အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိ အဘိဓာန် စာအုပ်များနှင့် “ပဒတ္ထမဉ္စူသာ” ဟူသော ပါဠိ-မြန်မာ အဘိဓာန် စာအုပ်များကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း ခေတ်ကာလနှင့်အညီ ပြန်လည်ပြင်ဆင်ရန် လိုအပ်သဖြင့် ပြင်ဆင်ခဲ့မှု၊  နည်းဥပဒေကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိမှု၊  ဥပဒေနှင့်အညီ ရုပ်သံလုပ်ငန်းအသစ်များနှင့် Community Radio လုပ်မည့်သူများအတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ပိုင်ခွင့်များ ပေါ်လာနိုင်မှု  စသည်ဖြင့်  ပြောကြားသည်။

 


ယင်းနောက် တက်ရောက်လာကြသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် လုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

123


နံနက်ပိုင်းက  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည်   ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဆူးလေဘုရားလမ်းမကြီးပေါ်၌ Line Walker-2 ရုပ်ရှင်ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးကြသည်။

123


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဦးအုန်းမောင်တို့က Line Walker- 2 ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးသူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


(သတင်းစဉ်)