နိုဝင်ဘာ ၁၈ ရက် နံနက် ၂ နာရီ ၁၅ မိနစ် က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး ဂျာမနီနှင့် ဆလိုဗက်ကီးယားအသင်း ပွဲစဉ်တွင် ဂျာမနီအသင်းက တိုက်စစ်ခြေစွမ်းပြကာ ခြောက်ဂိုးပြတ် အနိုင်ရရှိပြီး ၂၀၂၆ ကမ္ဘာ့ ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ပြီဖြစ်သည်။
နိုင်ပွဲရရေး ခြေကုန်ထုတ်လာသည့် ဂျာမနီအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဖိအားပေးကစားနိုင်ခဲ့ပြီး ဝေါ်တီမိတ်၊ ဂနာဘရီ၊ ဆာနေးတို့၏ သွင်းဂိုးများဖြင့် ဆလိုဗက်ကီးယားအသင်း ကို ပထမပိုင်းတွင် လေးဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့သည်။ ဆလိုဗက်ကီးယားအသင်းသည် ချေပဂိုးများ ရရှိရေး လူစားပြောင်းလဲမှုများကို ပြုလုပ်သော်လည်း သွင်းဂိုးမရရှိခဲ့ပေ။ ဒုတိယပိုင်းတွင်လည်း ဂျာမနီအသင်းကသာ ပြိုင်ဘက် ဆလိုဗက်ကီးယားအသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့သည်။
ဂျာမနီအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ခြောက်ပွဲကစားပြီး ငါးပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပြီဖြစ်သည်။ ပြိုင်ဘက် ဆလိုဗက်ကီးယားအသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးရလဒ်ရရှိထားသော ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိရန် ရှုံးထွက်ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။ အခြားပွဲစဉ်ရလဒ်များတွင် မြောက်အိုင်ယာလန်က လူဇင်ဘတ်ကို တစ်ဂိုး-ဂိုးမရှိ၊ ပိုလန်က မောလ်တာကို သုံးဂိုး-နှစ်ဂိုး၊ နယ်သာလန်က လစ်သူယေးနီးယားကို လေးဂိုး-ဂိုးမရှိ၊ ချက်ဇ် က ဂျီဘရော်လ်တာကို ခြောက်ဂိုး-ဂိုး မရှိ၊ ခရိုအေးရှားက မွန်တီနီဂရိုးကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အောင်ဇော်


