ဘာလင် နိုဝင်ဘာ ၄
ဂျာမနီနိုင်ငံ၌ အလွန်ကူးစက်မြန်သော H5N1 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် တိရစ္ဆာန်ကောင်ရေ တစ်သန်းနီးပါးကို ရှင်းလင်းခဲ့ရကြောင်း ဂျာမနီနိုင်ငံ ဖက်ဒရယ်တိရစ္ဆာန်ကျန်းမာရေးအေဂျင်စီ ဖရက်ဒရစ်လော့ဖ် လာအင်စတီကျု(အက်ဖ်အယ်အိုင်)က နိုဝင်ဘာ ၃ ရက်တွင် ပြောကြားထားသည်။
ယခုနှစ်အတွင်း အတည်ပြုကူးစက်ဖြစ်ပွားသော အရေအတွက်မှာ ၂၀၂၁ ခုနှစ်က အလားတူအချိန်တွင် စံချိန်မှတ်တမ်းတင်ထားသည့် အရေအတွက်ကိုပင် ကျော်လွန်သွားပြီဖြစ်ကြောင်း အဆိုပါ အင်စတီကျုက ပြောသည်။
ယခုနှစ်တွင် ကူးစက်မှုလှိုင်းစတင်မှုမှာ မြန်ဆန်လာကြောင်း၊ သို့သော်လည်း ယမန်နှစ်များကထက် လျင်မြန်စွာ ကျဆင်းသွားမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း အက်ဖ်အယ်အိုင်ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောသည်။ စက်တင်ဘာလ အစောပိုင်းမှစတင်ကာ ဂျာမနီနိုင်ငံတစ်ဝန်း ကြက်မွေးမြူရေးခြံ ၆၆ ခုတွင် ရောဂါကူးစက် ဖြစ်ပွားမှုတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ထဲတွင် လုပ်ငန်းကြီးများလည်း ပါဝင်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုအဖြစ် တိရစ္ဆာန်များကို အစုလိုက်အပြုံလိုက် ရှင်းလင်းခဲ့ရကြောင်း သိရသည်။
ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း လိုးရွားဆက်ဆိုနီပြည်နယ်သည် လက်ရှိအချိန်အထိ ကူးစက်ခံရသည့် မွေးမြူရေးခြံ ၃၀ နှင့်အတူ အဆိုးရွားဆုံးကူးစက်ခံရသည့် ပြည်နယ်အဖြစ် ရှိနေသည်။ ဂျာမနီနိုင်ငံတွင် လက်ရှိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုလှိုင်းသည် လျော့ကျသွားမည့် အရိပ် အယောင်မတွေ့ရသေးဘဲ လာမည့်သီတင်းပတ်များအတွင်း တောင်ဘက်ဒေသများသို့ ရွေ့လျားသွားနိုင်ကြောင်း အက်ဖ်အယ်အိုင်က ပြောသည်။
၂၀၂၁ ခုနှစ်တွင် ဂျာမနီနိုင်ငံတစ်ဝန်း ကြက်မွေးမြူရေးခြံများ၊ တိရစ္ဆာန်ရုံများနှင့် ပုဂ္ဂလိကမွေးမြူရေးနေရာ ၂၈၆ ခုတွင် ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားခဲ့ကြောင်း အက်ဖ်အယ်အိုင်က ပြောသည်။ ထိုအချိန်က တိရစ္ဆာန်အကောင်ရေ နှစ်သန်းကျော်သတ်၍ ရှင်းလင်းခဲ့ရကြောင်း ဂျာမနီမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဆင်ဟွာ


