စပိန်အသင်းဟာ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဂျော်ဂျီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲစဉ်မှာ ဂျော်ဂျီယာအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ စပိန်အသင်းက ဂျော်ဂျီယာအသင်းကို လေးဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီး စပိန်အသင်းအတွက် သွင်းဂိုးတွေကို အိုယာဘယ်က နှစ်ဂိုး၊ ဇူဘီမန်ဒီက တစ်ဂိုးနဲ့ ဖာရန်တောရက်စ်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ရာနှုန်းပြည့်နိုင်ပွဲဆက်
စပိန်အသင်းဟာ ဂျော်ဂျီယာအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲမှာ အုပ်စုအဆင့် ငါးပွဲကစား ငါးပွဲစလုံးအနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
စပိန်အသင်းဟာ လက်ရှိအချိန်မှာ ငါးပွဲစလုံးအနိုင်ရရှိခဲ့မှုနဲ့အတူ ရမှတ် ၁၅ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် တစ်နေရာရရှိဖို့ သေချာသွားပြီဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ စပိန်အသင်းဟာ ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲစဉ်မှာလည်း ငါးပွဲစလုံးပေးဂိုးမရှိဘဲ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စပိန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက ရပ်တည်လျက်ရှိပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာလည်း အုပ်စုဒုတိယနေရာက တူကီယဲအသင်းကို သုံးမှတ်ဖြတ်ထားတာလည်း ဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


