ဂျိုဟန်နာ့ဘာ့ဂျ် ဒီဇင်ဘာ ၁
မကြာသေးမီက အမေရိကန်ပြည်ထောင်စုနှင့် တင်းမာမှုများဖြစ်ပွားခဲ့သော်လည်း တောင်အာဖရိကနိုင်ငံသည် စက်မှုထိပ်သီးနိုင်ငံများ(ဂျီ-၂၀)၏ လှုပ်ရှားဆောင်ရွက်မှုများကို အပြည့်အဝ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဆိုက်ရယ် ရာမာဖိုဆာက နိုဝင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် လာမည့် ၂၀၂၆ ခုနှစ်တွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သည်။
တောင်အာဖရိကသည် လွန်ခဲ့သောသီတင်းပတ်က ဂျီ- ၂၀ ခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် ထိုကဲ့သို့ ရာမာဖိုဆာ၏ မှတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော သီတင်းပတ်က ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ အမေရိကန် တက်ရောက်ခဲ့ခြင်း မရှိပေ။
နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးတင်းမာမှုများရှိနေချိန်လာမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တောင်အာဖရိကကို ဖိတ်ကြားသွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
တောင်အာဖရိသည် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ၎င်း၏ကိုယ်ပိုင်နာမည်နှင့် လုပ်ပိုင်ခွင့်များရှိသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိစေချင်ကြောင်း၊ မိမိတို့သည် ပြည့်ဝတက်ကြွပြီး အပြုသဘောဆောင်သော ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ရာမာဖိုဆာက ပြောကြားခဲ့သည်။
ယခုနှစ် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်မပါဝင်နိုင်ခဲ့ခြင်းက သတင်းမှားများ အမြစ်တွယ်နေခြင်းကြောင့်ဖြစ်ကြောင်းနှင့် ဝမ်းနည်းဖွယ်ကောင်းကြောင်း ရာမာဖိုဆာက ပြောကြားခဲ့သည်။
တောင်အာဖရိကသည် ယခုသီတင်းပတ်အစောပိုင်းတွင် ဂျီ-၂၀ ဥက္ကဋ္ဌရာထူးကို အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် မိမိ၏နိုင်ငံသည် အမေရိကန်နှင့်ဆက်ဆံရေးကို တန်ဖိုးထားပါကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ရာမာဖိုဆာက ပြောကြားခဲ့သည်။
ဆင်ဟွာ


