ကွန်နာကရီ  အောက်တိုဘာ  ၁၆

ဂီနီအစိုးရသည်   တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း၍ အနောက်အာဖရိက၏  အကြီးဆုံး  သင်္ဘောကျင်းတည်ဆောက်မည့်    အစီအစဉ်ကို  ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း  သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ   အိုစမာနီ  ဂါအူ ရယ်ဒီရယ်လိုက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားထားသည်။

စီမံကိန်းဧရိယာကို စစ်ဆေး

ဒီရယ်လိုနှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံ၏မြို့တော် ကွန်နာကရီမြို့၏ အနောက်မြောက်ဘက်   ကီလိုမီတာ   ၃၀၀ ကျော်  အကွာတွင်ရှိသည့်  ကမ်းရိုးတန်းမြို့ ဘိုကေးသို့ သွားရောက်ကာ စီမံကိန်းအတွက် သတ်မှတ်ထားသည့်  ဟက်တာ  ၅၀   ကျယ်ဝန်းသည့် ဧရိယာကိုစစ်ဆေးခဲ့ကြောင်း  သိရ သည်။

မဟာဗျူဟာမြောက် အရေးပါ

သင်္ဘောအရွယ်အစားအမျိုးမျိုးကို ပြုပြင်ထိန်းသိမ်းခြင်း၊ ရေကြောင်းဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့်  ကျွမ်းကျင်သော    ဒေသခံလုပ်သားများကို   လေ့ကျင့်သင်ကြားပေးခြင်းတို့      ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် အဆိုပါသင်္ဘောကျင်းသည်  မဟာဗျူဟာမြောက်အရေးပါသည်ဟု ဒီရယ်လိုက  ပြောသည်။  ထို့အပြင်   အဆိုပါ သင်္ဘောကျင်းသည် အနောက် အာဖရိကဒေသတွင် အကြီးဆုံးသာမက အာဖရိကတိုက်တွင် အရေးပါဆုံးစီမံကိန်းများထဲမှ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း   ၎င်းက  ဆက်ပြောသည်။

သင်္ဘောပြုပြင်ထိန်းသိမ်းခြင်း အာရုံစိုက်လုပ်ဆောင်မည်

ပထမအဆင့်တွင်  သင်္ဘောပြုပြင်ထိန်းသိမ်းခြင်းကို အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး  နှစ်နှစ်အတွင်း  လုပ်ငန်းစတင်လည်ပတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ငါးနှစ်အကြာတွင် စတင်ရန် စီစဉ်ထားသည့် ဒုတိယအဆင့်တွင် သင်္ဘောတည်ဆောက်ခြင်းနှင့် သင်္ဘောကျင်းဝန်းကျင်တွင် စက်မှုလုပ်ငန်းငယ်များ စုဝေးဖွံ့ဖြိုးတိုးတက်လာစေရန် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီရယ်လိုက ပြောသည်။  

ဆင်ဟွာ