ဂျေရုဆလင်   စက်တင်ဘာ   ၃၀

အမေရိကန်သမ္မတ ထရမ့်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဝါရှင်တန်တွင် စက်တင်ဘာ ၂၉ ရက်က ဆွေးနွေးခဲ့ပြီးနောက် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

နေတန်ယာဟုနှင့်   ဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထရမ့်က မိမိအနေဖြင့် အာရပ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဝန်ကြီးချုပ် နေတန်ယာဟုအား အပစ်အခတ်ရပ်စဲရေး အစီအစဉ်အပေါ် သဘောတူသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထရမ့်က ပြောကြားသည်။  အချက် ၂၀ ပါရှိသည့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအစီအစဉ်အား အဖွဲ့အစည်းအားလုံးမှ သဘောတူပါက ဂါဇာဒေသရှိ လက်နက်ကိုင်ပဋိပက္ခ ချက်ချင်းပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးအစီအစဉ်အရ  စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဟု  သိရသည်။  ယင်းအပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ ဟားမတ်စ်အဖွဲ့သည် ထိန်းသိမ်းထားသည့်   ဓားစာခံများ အား ၇၂ နာရီအတွင်း လွှတ်ပေးရမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို မိမိ လက်ခံ ကြောင်းနှင့် ၎င်းအစီအစဉ်အရ ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားသည့် အစ္စရေးဓားစာခံများ အစ္စရေးသို့ပြန်လာရမည်ဖြစ်ကာ ဟားမတ်စ်အဖွဲ့၏ စစ်ရေးစွမ်းပကားကို   ကန့်သတ်နိုင်မည်ဖြစ်ပြီး  ဂါဇာဒေသတွင် ဟားမတ်စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်းနှင့်  ဂါဇာဒေသသည် အစ္စရေးအတွက် အဟန့်အတားအဖြစ်  တည်ရှိတော့မည်မဟုတ်ကြောင်း  နေတန်ယာဟုက ပြောကြားသည်။ အကယ်၍ ဟားမတ်စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို  လိုက်နာဆောင်ရွက်ခြင်းမရှိက အစ္စရေးအနေဖြင့် တုံ့ပြန်ဆောင်ရွက်မည်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားသည်။

ယင်းအပစ်အခတ်ရပ်စဲရေး အစီအစဉ်သည်   မိမိတို့ထံသို့ရောက်ရှိခြင်းမရှိကြောင်းနှင့် ၎င်းအစီအစဉ်ကို အစ္စရေး၏ အမြင်ဖြင့်ရေးဆွဲသည်ဟု မိမိတို့ယူဆကြောင်း  ဟားမတ်စ်အဖွဲ့က  ပြောကြားသည်။

 ကာတာနိုင်ငံ ဒိုဟာတွင်ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်း ကာတာဝန်ကြီးချုပ်  ရှိတ်မိုဟာမက်ဗင် အဗ္ဗဒူရာမန်အယ်သာနီက  ဖုန်းဖြင့် ဆွေးနွေးစဉ်အတွင်း  မိမိအားပြောကြားခဲ့သည်ဟု    နေတန်ယာဟုကပြောကြားသည်။ ယခုလအစောပိုင်းတွင် ကာတာနိုင်ငံ ဒိုဟာတွင်   အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန်ရောက်ရှိနေသည့် ဟားမတ်စ်အဖွဲ့အား အစ္စရေးက တိုက်ခိုက်ခဲ့ရာ ဟားမတ်စ်အဖွဲ့ဝင် ငါးဦးနှင့် ကာတာတာဝန်ရှိသူတစ်ဦးသေဆုံးကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ