ဂျေရုဆလင် အောက်တိုဘာ ၆
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကိုအီဂျစ်က တာဝန်ယူပံ့ပိုးပေးရန် ဟားမတ်စ်အဖွဲ့က တောင်းဆိုခဲ့သည်။
၎င်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆိုင်ရာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၏ ဆောင်ရွက်ချက်များအပေါ်တွင် စိုးရိမ်ပူပန်ကြောင်း ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခါလစ်အယ်လ်ဟာရာက အီဂျစ်တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒိုဟာတွင် ပြီးခဲ့သည့်လက လုပ်ကြံခံရမည့် အန္တရာယ်မှလွတ်မြောက်ခဲ့ပြီးနောက် အယ်လ်ဟာရာ သည် အီဂျစ်သို့ လက်ရှိအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့သည်။ ဟားမတ်စ်အဖွဲ့က ဓားစာခံများလွှတ်ပေးမည်ဟု ကြေညာခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့နှင့် အီဂျစ်တာဝန်ရှိသူများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။ ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားသည့် ဓားစာခံ ၄၈ ဦးအနက်၂၀မှာ အသက်ရှင်ကျန်ရှိနေကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားသည်။
ဟားမတ်စ်အဖွဲ့က ဂါဇာဒေသရှိ လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်ရေးနှင့် အစ္စရေးတပ်မတော် တပ်ဖွဲ့များဂါဇာဒေသမှ ရုပ်သိမ်းရေးတို့ကို တောင်းဆိုခဲ့သည်။ ဟားမတ်စ်အဖွဲ့၏ ဓားစာခံများ ပြန်လည်လွှတ်ပေးမည့်အစီအစဉ်ကို ကြိုဆိုကြောင်းနှင့် အပြန်အလှန်အားဖြင့် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် အမေရိကန်သမ္မတထရမ့်က ပန်ကြားခဲ့သည်။ ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်ရှိအချိန်အထိ သေဆုံးသူ ၆၇၁၆၀ ရှိပြီး ဒဏ်ရာရရှိသူ ၁၆၉၆၇၉ ဦးရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


