ဂျကာတာ စက်တင်ဘာ ၂၃
ဂါဇာဒေသတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုက တောင်းဆိုခဲ့သည်။ အင်ဒိုနီးရှားအနေဖြင့် ဂါဇာဒေသသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များအား စေလွှတ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ပြောကြားသည်။
အမေရိကန်နိုင်ငံနယူးယောက်ရှိ ကုလသမဂ္ဂတွင်ကျင်းပသည့် နှစ်နိုင်ငံဖြေရှင်းချက်ဆောင်ရွက်ရေး အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတက ပြောကြားသည်။
ဂါဇာဒေသလက်နက်ကိုင်ပဋိပက္ခပြီးစီးရေးသည် နိုင်ငံတကာအရေးတွင် ဦးစားပေးအရေးဖြစ်သင့်ကာ ယင်းကိစ္စပြီးစီး အောင်မြင်ရေးအတွက် အင်ဒိုနီးရှားကလည်း တက်တက်ကြွကြွ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များကိုလည်း အင်ဒိုနီးရှားက စေလွှတ်မည်ဖြစ်ပြီး ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသည့် ဒေသခံများအတွက် စိုးရိမ်ပူပန်လျက်ရှိသည်။
ဂါဇာဒေသရှိ အပြစ်မဲ့ကလေးများနှင့် အမျိုးသမီးများသည် အသက်သေဆုံးနေရကာ အငတ်ဘေး ဆိုက်ရောက်နေကြောင်းနှင့် အပြစ်မဲ့အရပ်သားများအား အကြမ်းဖက်မှုအပေါ်ရှုတ်ချကြောင်း၊ ပါလက်စတိုင်းများ၏ အနာဂတ်၊ အစ္စရေးနိုင်ငံ၏ အနာဂတ်နှင့် ကုလသမဂ္ဂ၏ ဂုဏ်သတင်းကို စောင့်ရှောက်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းတွင်တာဝန်ရှိကြောင်း ၎င်းက ပြောကြားသည်။ နှစ်နိုင်ငံဖြေရှင်းချက်ဖြင့်သာ ငြိမ်းချမ်းရေးရရှိမည်ဟု အင်ဒိုနီးရှားနိုင်ငံကယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


