ဂျေရုဆလင် ဒီဇင်ဘာ ၈
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ဆွေးနွေးရန် ယခုလနှောင်းပိုင်းတွင် အမေရိကန်သမ္မတထရမ့်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။
အမေရိကန်က ကမကထပြုသည့် အပစ်အခတ်ရပ်စဲရေးသည် ယခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် စတင်အသက်ဝင်လာခဲ့သော်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သည်။ ယခုဆောင်ရွက်မည့် အပစ်အခတ်ရပ်စဲရေး ဒုတိယ အဆင့်သည် ခက်ခဲကြောင်း ဂျေရုဆလင်သို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရက်မာစ်နှင့် တွေ့ဆုံရာတွင် နေတန်ယာဟုက ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် သမ္မတထရမ့်နှင့် ဒီဇင်ဘာလကုန်တွင် တွေ့ဆုံဆွေးနွေးမည်ဟု ၎င်းကပြောကြားသည်။ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့်ကို လက်ရှိအချိန်တွင် ဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်နိုင်ငံဖြေရှင်းချက်ကို ဂျာမနီက ထောက်ခံကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားသည်။ အပစ်အခတ်ရပ်စဲရေးပထမအဆင့်တွင် ဟားမတ်စ်အဖွဲ့က ဓားစာခံ ၄၇ ဦးကို လွှတ်ပေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့်သည် ခက်ခဲပြီး ၎င်းတွင် ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ အစ္စရေးတပ်ဖွဲ့များဆုတ်ခွာရေးနှင့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ တပ်စွဲရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဂါဇာဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းမှ အဆုံးသတ်ခဲ့ပါက ဟားမတ်စ်အနေဖြင့် လက်နက်ချမည်ဟု ဟားမတ်စ်ခေါင်းဆောင် ခါလီအယ်လ်ဟာရာက ပြောသည်။ မိမိတို့ လက်နက်စွဲကိုင်ထားခြင်းသည် ဂါဇာဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းနှင့် သက်ဆိုင်ပြီး ၎င်းဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းမှ အဆုံးသတ်ပါက ဟားမတ်စ်အနေဖြင့် လက်နက်များကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးမည်ဟု ၎င်းကပြောသည်။ ဟားမတ်စ်အဖွဲ့သည် ယခင်က လက်နက်ချရန် ငြင်းဆန်ခဲ့ပြီး ၎င်းကဲ့သို့ ငြင်းဆန်ခြင်းကြောင့် ဂါဇာဒေသဒုတိယအဆင့် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန် အခက်အခဲရှိနေသည်ဟု အစ္စရေးက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


