ဩဂုတ် ၂၂

ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နေ့က အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာမြို့တောင်ပိုင်း အယ်လ်ဆာဘရာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ အစ္စရေး၏ လေကြောင်း ပစ်ခတ်ခံရမှုတွင် ရှစ်ဦးသေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ မာ့ရှ်မုဒ်ဘာဆယ်လ်က ပြောကြားသည်။

ဂါဇာမြို့တောင်ပိုင်း ဆာဘရာရပ်ကွက်တွင် ပါလက်စတိုင်းစုဝေးနေမှုကို အစ္စရေးကလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်လေးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။ ထိုမြို့၏မြောက်ပိုင်း ရှိတ်ရှ်ရတ်ဝန်ရပ်ကွက်၏အရှေ့ဘက်ရှိနေအိမ်တစ်လုံး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ညီအကိုသုံးဦး အပါအဝင် အခြားလေးဦးသေဆုံးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ခန်ယွန်နစ်၏အနောက်မြောက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် လယ်သမားငါးဦးသေဆုံးကြောင်း သိရသည်။

ဂါဇာမြို့မြောက်ပိုင်း အယ်လ်ရှန်တီဒေသရှိနေအိမ်တစ်လုံးတွင် ငါးဦးသေဆုံးခဲ့သည်။ ယင်းမြို့၏အနောက်မြောက်ပိုင်း အယ်လ်တာဝမ်ဒေသရှိ မော်တော်ဆိုင်ကယ်တစ်စီး ဒရုန်းပစ်ခံရမှုကြောင့် သုံးဦးသေဆုံးခဲ့သည်။

ကူညီထောက်ပံ့ရေးပစ္စည်းများဖြန့်ဝေပေးသည့်နေရာနှစ်ခုအနီးတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် ၁၀ ဦး သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်များနှင့်ပတ်သက်ပြီး အစ္စရေးဘက်က ချက်ချင်း မှတ်ချက်ပြုပြောကြားခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

ဂါဇာမြို့ရှိ ကလေးသုံးဦးအနက် တစ်ဦးသည် အာဟာရချို့တဲ့မှုခံစားနေရကြောင်း ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့်  လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးအာဏာပိုင်များသည် နယ်မြေအတွင်း ကူညီထောက်ပံ့ရေးပစ္စည်းများ လုံလုံလောက်လောက်ဝင်ခွင့်မပြုကြောင်းနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသည့် ထရပ်ကား အစီးရေ ၅၀၀ မှ ၆၀၀ ထက်မနည်း နေ့စဉ် လိုအပ်လျက်ရှိကြောင်း UNRWA က ပြောကြားခဲ့သည်။ အဆိုပါကူညီထောက်ပံ့ရေးပစ္စည်းများကို လေကြောင်းမှပစ်ချပေးပို့ခြင်းသည် ဘေးကင်းမှုမရှိဟု မှတ်ချက်ပြုထားသည်။

ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များ၏ပြောကြားချက်အရ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရ ချို့တဲ့မှုကြောင့်  ကလေးငယ် ၁၁၂ ဦးအပါအဝင် သေဆုံးသူ ၂၇၁ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို