ဩဂုတ် ၂၅

ဂါဇာကမ်းမြောင်ဒေသတွင် ငတ်မွတ်မှုနှင့်အာဟာရချို့တဲ့မှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကလေးတစ်ဦးအပါအဝင် လူရှစ်ဦး သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးအရာရှိများက ပြောကြားသည်။

အဆိုပါအကြောင်းရင်းများကြောင့် စုစုပေါင်းသေဆုံးသူ ၂၈၉ ဦးအထိ မြင့်တက်လာကြောင်း ထိုတာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။ သေဆုံးသူများအနက် ၄၀ ရာခိုင်နှုန်းခန့်သည် ကလေးငယ်များဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ကုလသမဂ္ဂက ဂါဇာမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ငတ်မွတ်ခေါင်းပါးမှုရှိကြောင်း အတည်ပြုချက်ကို ဩဂုတ် ၂၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ဉရောပနိုင်ငံများနှင့် ဆော်ဒီအာရေဗျတို့က ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေပိုမိုဆိုးရွားလာမှုနှင့်ပတ်သက်ပြီး ပြစ်တင်ရှုတ်ချလျက်ရှိကာ ငတ်မွတ်ခေါင်းပါးမှုသည် လူကပြုလုပ်သည့်ဘေးဒုက္ခတစ်ခုဖြစ်ပြီး နယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်ဟု ဆိုသည်။

ပါလက်စတိုင်းနှင့် အခြားမီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးစစ်တပ်သည် ဂါဇာမြို့၏ဆင်ခြေဖုံးတွင် ဩဂုတ် ၂၃ မှ ၂၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ နေအိမ်များနှင့် အခြားအဆောက်အအုံများ ပျက်စီးခဲ့သည်ဟု သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို