ကိုင်ရို အောက်တိုဘာ ၂၇
ဂါဇာဒေသ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ပါလက်စတိုင်းဒုတိယသမ္မတ ဟူစိန်အယ်လ်ရှိတ်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဗာအဗ္ဗဒဲလက်တီတို့အကြား အောက်တိုဘာ ၂၆ ရက်က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း အီဂျစ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားသည်။
အီဂျစ်၌ လာမည့်လတွင်ကျင်းပမည့် ဂါဇာဒေသပြန်လည်ထူထောင်ရေးညီလာခံဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများအပါအဝင် ပါလက်စတိုင်းဒေသခံများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ရန်ပုံငွေထူထောင်ရေးနှင့် နိုင်ငံတကာအကူအညီများရရှိရေး ဆောင်ရွက်မှုများကို တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ပါလက်စတိုင်းများ သွေးစည်းညီညွတ်ရေးအတွက် ဆောင်ရွက်ရန်နှင့် ဒုတိယသမ္မတ အယ်လ်ရှိတ်အား ရွေးကောက်ပွဲကျင်းပမည့်ကာလအထိ ယာယီသမ္မတခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ယခုဆွေးနွေးပွဲသည် ကိုင်ရိုတွင် အောက်တိုဘာ၂၃ ရက်က ကျင်းပသည့် ဂါဇာဒေသပြန်လည်ထူထောင်ရေး ဟားမတ်စ်နှင့် ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ ဖာတာတို့အကြား ဆွေးနွေးပွဲပြီးနောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်းအဖွဲ့အစည်းများအကြား အောက်တိုဘာ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးကို ပံ့ပိုးကူညီရန် အောက်တိုဘာ ၂၃ ရက်က ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးရရှိခဲ့ပြီးနောက် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ခဲ့သည်။ ဂါဇာဒေသတွင်ဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသခံ ၆၈၀၀၀ ကျော် သေဆုံးခဲ့ကာ ၁၇၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


