စက်တင်ဘာ ၁၇

 

ဂါဇာမြို့၌ အစ္စရေး၏ မြေပြင်ထိုးစစ်ဆင်မှုကြောင့် လွန်ခဲ့သောနှစ်ရက်အတွင်း ပါလက်စတိုင်း ၄၈၀၀၀ နီးပါးထွက်ပြေးခဲ့ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။

 

ရွှေ့ပြောင်းဒုက္ခသည်မိသားစုများတွင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဦးဆောင့်လေ့ရှိပြီး ခြေဗလာနှင့် ထိခိုက်ဒဏ်ရသောကလေးများသည် ကိုးနာရီကြာအထိ လမ်းလျှောက်နေကြသည်ဟု မဟာမိတ်အဖွဲ့က ဖော်ပြထားကြောင်း  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အိုစီအိတ်ချ်အေက ပြောကြားသည်။

 

ကလေး ၉၀၀ ကျော်အပါအဝင် လူပေါင်း ၁၅၀၀ ကျော်သည် စိတ်ပိုင်းဆိုင်ရာအကူအညီ၊ ရေနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများအပါအဝင် အရေးပေါ်အကူအညီများ ရရှိထားကြောင်း၊ အိုစီအိတ်ချ်အေက ၎င်း၏လုပ်ဖော်ကိုင်ဖက်များက ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ယခုသီတင်းပတ်အတွင်း ဂါဇာစီးတီးရှိ Al-Quds ဆေးရုံသည် အနီးနားရှိ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ပြီး ယခုအခါ အိုးမဲ့အိမ်မဲ့ မိသားစုများကို ခိုလှုံနေကြရသည်။ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီမှ လည်ပတ်နေသည့် ဂါဇာစီးတီးရှိ ကုလသမဂ္ဂ ဆေးဘက်ဆိုင်ရာ နေရာခြောက်ခုအနက် ၃ ခုသာ လည်ပတ်နိုင်သေးသည်ဟု သိရသည်။

 

ဇီကင်မ် နယ်စပ်ဖြတ်ကျော်မှုကို လေးရက်ကြာပိတ်ထားခဲ့ကြောင်း အိုစီအိတ်ချ်အေက ထပ်လောင်းပြောသည်။ မလုံခြုံမှု၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် လုယက်မှုများကြောင့် လောင်စာဆီနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားသည်။ အကူအညီပေးရေး ယာဉ်တန်းများသည် အကူအညီအများဆုံး လိုအပ်နေသော အရပ်သားများထံ မရောက်ရှိစေရန် တားဆီးထားကာ လမ်းပေါ်တွင် နှောင့်နှေးမှုများနှင့် အန္တရာယ်များကို ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

 

စိန်ခေါ်မှုကြီးများနှင့် ထောက်ပံ့ရေးပစ္စည်းများ လျော့နည်းလာသော်လည်း ကုလသမဂ္ဂနှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များသည် ဂါဇာကမ်းမြှောင်တစ်လျှောက်တွင် အသက်ကယ်ခြင်းနှင့် အရေးကြီးသော ဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု အိုစီအိတ်ချ်အေက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို