အောက်တိုဘာ ၁၃
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်တို့ချုပ်နှောင်ထားသော အသက်ရှင်ကျန်ရစ်သည့်ဓားစာခံအချို့ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီထံသို့ လွှဲပြောင်းပေးအပ်ကြောင်း အစ္စရေးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယနေ့တွင် ဓားစာခံခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။ ဓားစာခံများပြန်လည်လွတ်မြောက်လာခြင်းသည် အမေရိကန်သမ္မတ ထရမ့် အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ်အရ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယနေ့နှောင်းပိုင်းတွင် ဓားစာခံများ ထပ်မံလွတ်မြောက်လာမည်ဟု မျှော်လင့်ရပြီး လွတ်မြောက်လာသော ဓားစာခံများသည် နောက်ပိုင်းတွင် ၎င်းတို့၏ မိသားစုများနှင့် ပြန်လည် ဆုံစည်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအတောအတွင်း ထရမ့်သည် ယနေ့တွင် ထိုဒေသသို့သွားရောက်လည်ပတ်လျက်ရှိပြီး အစ္စရေးပါလီမန်တွင် ဓားစာခံများ၏မိသားစုများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောရန် စီစဉ်ထားသည်ဟု သိရသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်၏ပထမအဆင့်တွင် ဟားမတ်စ်သည် အပစ်အခတ်ရပ်စဲရေးပြီး ၇၂ နာရီအတွင်း ဓားစာခံ ၄၈ ဦးလုံးကို လွှတ်ပေးရမည်ဖြစ်သည်။ ဓားစာခံအများစုသည် သေပြီလို့ ယူဆရကြောင်းနှင့် ၎င်းတို့၏ ရုပ်ကြွင်းအားလုံးကို ပြန်လည်ရရှိရန် အချိန်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


