နိုဝင်ဘာ ၂၀
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း လူ ၂၅ ဦး သေဆုံးပြီး ၇၇ ဦး ဒဏ်ရာရရှိကြောင်း ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့ ချိုးဖောက်ခဲ့ကြောင်း အစ္စရေးက ပြောဆိုသည်။
အစ္စရေးတပ်ဖွဲ့က ဂါဇာတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ ၎င်း၏စစ်သားများကို ပစ်မှတ်ထားသော သေနတ်ပစ်ခတ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးကဆိုသည်။
မြောက်ပိုင်းရှိ ဂါဇာမြို့နှင့် ခန်းယူနစ်မြို့ နှစ်ခုစလုံးကို တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပါလက်စတိုင်းမီဒီယာများက ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၀ ရက်က အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက်ပင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
အပစ်အခတ်ရပ်စဲရေးအသက်ဝင်ပြီးနောက်ပိုင်း ထိုနယ်မြေတွင် သေဆုံးသူအရေအတွက် ၂၈၀ အထိ မြင့်တက်လာကြောင်းဂါဇာကျန်းမာရေးအာဏာပိုင်များကအစောပိုင်းတွင်ပြောကြားခဲ့သည်။ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်သည့် အစ္စရေး၏ပြောဆိုချက်များကို ဟားမတ်စ်တို့ကငြင်းဆိုခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


