ဂါဇာစီးတီး နိုဝင်ဘာ ၁၅
ဂါဇာကမ်းမြောငတစ်လျှောက် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေ့ပြောင်းဒုက္ခသည်များ၏ တဲများအတွင်းသို့ မိုးရေများ ဝင်ရောက်ခဲ့သည်။
ဂါဇာစီးတီးရှိ လမ်းမများတွင်ရေလျှံလျက်ရှိပြီး ရွှေ့ပြောင်းဒုက္သည်များ၏ တဲများတစ်ဝိုက်တွင် ရွှံ့ရေများဖြင့် ဝန်းရံနေကြောင်း ဂါဇာကမ်းမြောင်ရုံးမှ အမှုထမ်းတစ်ဦးက ပြောကြားသည်။
အလယ်ပိုင်းဒီရာအယ်လ် ဘာလာရှ်မြို့အနီးရှိ ဒေသခံများက ၎င်းတို့၏ တဲများပတ်ပတ်လည်တွင် မြေကြီးများကို တောင်ကုန်းများပုံစံပြုလုပ်ကာ မိုးရေများဝင်ရောက်မှုကို တားဆီးခဲ့ကြသည်။
မကြာမီ ဆောင်းရာသီ ရောက်ရှိလာမည်ဖြစ်သည့်အတွက် အမိုးအကာများအပါအဝင် ဆောင်းရာသီသုံးပစ္စည်းများ ပေးပို့နိုင်ရန် ဝင်ပေါက်အားလုံးကို ဖွင့်ပေးရန် ဒေသန္တရအစိုးရမဟုတ်သည့်အဖွဲ့ အစည်းတစ်ခုက အစ္စရေးကို တောင်းဆိုထားသည်။
ပြီးခဲ့သည့်လက အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက် ဆောင်းရာသီအတွက် လိုအပ်သည့်ပစ္စည်းများ ပေးပို့မှုမှာ ကြန့်ကြာလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒေသခံများက စောင်များကဲ့သို့ သောလိုအပ်သည့်ပစ္စည်းများ ပံ့ပိုးပေးရန် တောင်းဆိုခဲ့သည်။
ဟားမတ်စ်က နောက်ထပ်ဓားစာခံတစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ပေးပို့ခဲ့ကြောင်း အစ္စရေးက နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ ကျန်ရှိနေသော ဓားစာခံသုံးဦး၏ ရုပ်အလောင်းများကို ပြန်ပေးရန် အစ္စရေးအစိုးက ဟားမတ်စ်အဖွဲ့အား တောင်းဆိုလျက်ရှိသည်။
ဓားစာခံများအားလုံးကို ပြန်လည်ပို့ဆောင်ပြီးပါက ဟားမတ်စ်၏ လက်နက်ဖြုတ်ချရေး အပါအဝင် အမေရိကန်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်သို့ အကောင်အထည် ဖော်ဆောင်ရန် အလားအလာ ကောင်းမွန်လျက်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


